အိမ်ရှင်မများ၏ အိမ်တွင်းမှု အာတာလွတ်ခြောက်လုပ်ငန်း ပိုမိုတွင်ကျယ်လာနိုင်ဖွယ်ရှိ

အိမ်ရှင်မများ၏ အိမ်တွင်းမှု အာတာလွတ်ခြောက်လုပ်ငန်း ပိုမိုတွင်ကျယ်လာနိုင်ဖွယ်ရှိ

သထုံ၊ ဇန်နဝါရီ၊ ၁၃ ။              ။ မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု သာယာကုန်းရွာရှိ အိမ်ရှင်မများ၏ အိမ်တွင်းမှု အာတာလွတ်ခြောက်လုပ်ငန်းသည် စျေးကွက်အရ ပိုမို တွင်ကျယ်လာနိုင်ဖွယ်ရှိကြောင်း အာတာလွတ်ခြောက် ဖြန့်ချိသူများထံမှ သိရသည်။

"သူတို့က တစ်နိုင်တစ်ပိုင်လေး လုပ်ပြီး ရှိတဲ့ စျေးကွက်လေးနဲ့ရောင်းတာဆိုတော့ စျေးက ရသင့်သလောက် မရဘူးပေါ့။ ကျွန်တော်က သူတို့ကို သဲစင်အောင် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် လုပ်ထားခိုင်းတယ်။ ကျွန်တော် ကိုယ်တိုင် သူတို့ကို စျေးကွက်တွေ ရှာပေးတယ်။ ဆိုင်တွေ လိုက်ရှာစပ်ပေးတယ်။ အခု ရန်ကုန်မှာ လုပ်မယ့် သွေးချင်းပွဲတော်မှာလည်း တင်ရောင်းနိုင်အောင် ပြင်ဆင်ပေးထားတယ်"ဟု အလံတရာ ဝိဇ္ဇာ(၂) လမ်းနေ မွန်ပြည်နယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး ခွန်ချစ်စံဝင်းက ပြောသည်။

အာတာလွတ်ခြောက်လုပ်ငန်းကို သာယာကုန်းရွာ အလံတရာ ဗြဟ္မာရပ်ကွက် ဝိဇ္ဇာရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်မှ အိမ်ရှင်မများက အိမ်မှုလုပ်ငန်းအဖြစ် လုပ်ကိုက်လျက်ရှိသည်။

အာတာလွတ်ခြောက်ကို ငါးမုန့်ကြော်၊ အာလူးကြော်များနည်းတူ စျေးကွက်က လက်ခံစားသုံးလျက်ရှိလာပြီး ဟင်းလျာအဖြစ်လည်း ဘာလချောင်ကြော် ကြော်စား၍လည်း ရသည်ဟု သိရသည်။

"အာတာလွတ်ဥကို ပြုတ်ပြီး ဆီနဲ့ တို့စားလို့ရတယ်။ ကြော်စားလို့လည်း ရတယ်။ ငါးဆုပ်ဟင်းလည်း လုပ်စားလို့ ရတယ်။ အာတာလွတ်ခြောက်ကြတော့ ငါးမုန့်ကြော်၊ အာလူးကြော်တွေလိုပဲ ကြော်စားလို့ရတယ်။ ဘာလချောင် ကြော် ကြော်စားရင် ဟင်းချိုလေးတစ်ခွက်နဲ့ ထမင်းတစ်နပ်ပြီးတယ်။ အခု စားသောက်ဆိုင်တွေမှာ ငရုတ်ကောင်းမှုန့် ဖြူးပြီး ဆော့ရည်နဲ့ တို့စားလာကြတယ်"ဟု ကိုချစ်စံဝင်းက ဆက်လက်ရှင်းပြသည်။

အာတာလွတ်ဥမှာ ၁ပိဿာလျှင် ဒေသပေါက်ဈေး ကျပ် ၈၀၀ နှင့် ကျပ် ၁၀၀၀ တွင် ရှိပြီး အာတာလွတ်ဥ ၁၀ ပိဿာတွင် အာတာလွတ်ခြောက် ၂ပိဿာနှင့် ၅ဝကျပ်သား (၂ပိဿာခွဲ)ရသည်။ အာတာလွတ်ခြောက် ၁ ပိဿာလျှင် ဖောက်သည်စျေး ၈၀၀၀ ကျပ် ရှိကြောင်း သိရသည်။ အချို့ကမူ ကိုယ်ပိုင် အာတာလွတ်စိုက်ခင်းကို စိုပျိုးထားကြပြီး အာဒါလွတ်ခြောက်များ ပြုလုပ်ရောင်းချကြသည်။

အာတာလွတ်ခြောက် ပြုလုပ်ပုံမှာ အာတာလွတ်ဥများကို အခွံနွာ၊ စင်ကြယ်စွာရေးဆေးပြီး ကျက်အောင် ပြုတ်ကြရသည်။ ပြီးလျှင် ညက်အောင် ဆုံထဲ ထည့်ထောင်းရသည်။ ညက်အောင်ထောင်းပြီးသော အာတာလွတ်များကို စဉ်းနှီးတုံးပေါ်တွင် အပေါ်အောက် ပလတ်စတစ် ခံ၍ လက်ရိုက်တုတ်ဖြင့် ပြားအောင် ရိုက်ရသည်။ ပုလင်းဖြင့် ပုံသွင်းလိပ် ပြီး ပြားရသည်။ ထိုသို့ရိုက်ရာတွင် ပလတ်စတစ်မှာ အာတာလွတ်များ ကပ်မနေစေရန် ဆား အချိုမှုန့်တို့နှင့် ဖျော်စပ်ထားသော ရေဖြင့် သုတ်လိမ်းပေးရသည်။ အာတာလွတ်ပြား ဖြစ်သွားသောအခါ အပေါ်ပလတ်စတစ်ကို ခွာ၍ အောက်ခံပလတ်စတစ်ဖြင့် နေပူလှန်းရသည်။

တစ်နေလှန်း ပြီးသော အာတာလွတ်ပြားများကို ဆန့်ပြီးဖိသားရစေရန် အထပ်လိုက်စီကာ အလေးဖြင့် ဖိသားထပ်ပေးရသည်။ တစ်ညမျှ ဖိသားရသွားသော အာတာလွတ်ပြားများကို အောက်ခံ ပလတ်စတစ်ခံကာ တစ်နေ့ (သို့မဟုတ်) ၂ ရက်နေပူလှန်းသော် အာတာလွတ်ခြောက် ဖြစ်လာခြင်း ဖြစ်သည်။ ထို အာတာလွတ်ခြောက်မျာကို ၅၀ သားစည်းအဖြစ် ကြိုးဖြင့်စ ည်းပြီး လေလုံအောင် သိမ်းရသည်။ လေမလုံသော် တာရှည်တွင် အရောင်မှာ မည်းညစ်သွားသည်။

အဆိုပါ အာတာလွတ်ခြောက်များကို ဒေသတွင်းရှိ အလံတရာ ဘုရားစျေး၊ သထုံစျေးနှင့် နယ်ဝေးအဖြစ် ကျိုက်ထီးရိုး ကင်မွန်းစခန်း၊ ဘားအံ ၊ သာမည၊ တောင်ကြီးတို့သို့ တင်ပို့လျက်ရှိပြီး ဒေသထွက် ကဒတ်ခြောက်၊ ဂေါ်ဖီခြောက်များနှင့်အတူ နည်းစနစ်တကျ ပါကင်ထုပ်၍ စျေးကွက်သစ်များသို့ ဆက်လက်တင်ပို့သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly