ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းခဲ့တဲ့ ဝက်ဝံ စစ်သား Wojtek အကြောင်း အမှတ်တရ ရုပ်ရှင် ရိုက်ကူး

ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းခဲ့တဲ့ ဝက်ဝံ စစ်သား Wojtek အကြောင်း အမှတ်တရ ရုပ်ရှင် ရိုက်ကူး

ဇန်နဝါရီ ၁၃ ။            ။ ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန် စစ်တပ်မှာ  ပူးပေါင်း ပါဝင်တာဝန်ထမ်းခဲ့တဲ့ ထူးခြားတဲ့ စစ်သားတစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ မိဘမဲ့ ဝက်ဝံ တစ်ကောင် ဖြစ်ပါတယ်။

ယင်း ဒုတိယကမ္ဘာစစ်အတွင်း တစ်ရက်မှာ ပိုလန် စစ်သား ၀ိုးရှက် နာရက်ဘ်စကီး နဲ့ ၎င်းရဲ့ ရဲဘော်ရဲဘက် တစ်ဦးတို့ အလွန်တရာ ကြီးမားလေးလံလှတဲ့ အမြှောက်ကျည်ဆံ လက်နက်ခဲယမ်းတွေကို ကားဖို့ တင်ဖို့ရာ မနိုင်မနင်း ဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ကံအားလျော်စွာ သူတို့ ပိုလန်စစ်သည်တွေထဲမှာ စွမ်းအား အလွန်ကြီးတဲ့ စစ်သားတစ်ယောက် ရှိနေခဲ့ပါတယ်။ သူကတော့ တပ်ကြပ် Wojtek အမည်ရ အညိုရောင် ဝက်ဝံ တစ်ကောင် ဖြစ်ပါတယ်။

“ ကျွန်တော်တို့ လက်နက်ပစ္စည်းတွေ သယ်ဖို့ မနိုင်မနင်း ဖြစ်နေတာကို သူမြင်သွားတော့ သူ ပြေးလာတော့တာပါပဲ၊ ပြီးတော့ လက်နက်သေတ္တာတစ်ခုကို သယ်ပြီး ကားပေါ် တင်လိုက်ပါတယ်” ဆိုပြီး ယခုအချိန်မှာ အသက် ၉၃ နှစ်ရှိပြီ ဖြစ်တဲ့ ပိုလန် စစ်မှုထမ်းဟောင်း နာရက်ဘ်စကီးက ၎င်းနဲ့  ဝက်ဝံ စစ်သား Wojtek နဲ့အတူ အမှတ် ၂၂ အမြှောက်တပ်ထဲမှာ အတူတာဝန်ထမ်းခဲ့တုန်းက အကြောင်းတွေကို ပြန်ပြောင်းပြောပြပါတယ်။

 “တကယ်တော့ အဲဒီ ပစ္စည်းတွေ သယ်ရတာ ဝက်ဝံတစ်ကောင်အတွက်လည်း တော်တော့်ကို လေးပါတယ်၊ Wojtek အဲဒီတုန်းက တအား ပင်ပန်းနေခဲ့ပေမယ့် သူ တစ်ခုပြီးတစ်ခု မပြီး တင်ပေးနေခဲ့ပါတယ်၊ ကျွန်တော်တို့ မနိုင်တာတွေကို သူ လုပ်ပေးနိုင်ခဲ့ပါတယ်” ဆိုပြီး Wojtek နဲ့ အချိန် ၂ နှစ်ခွဲလောက် မိတ်ဆွေဖြစ်ခဲ့တဲ့ နာရက်ဘ်စကီးက ပြောသွားပါတယ်။

ပိုလန် စစ်သားတွေက အကောင်ပေါက်ဘဝ အရွယ် Wojtek ကို အီရန်မှာ တွေ့ရှိပြီး ခေါ်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ပိုလန်စစ်တပ်ထဲမှာ Wojtek လည်း ပါဝင် ကူညီစစ်မှုထမ်းပေးရင်းနဲ့ နောက်ဆုံးမှာ ပိုလန် တပ်သားတစ်ဦးအဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပါတယ်။ ယင်းနောက် တပ်ကြပ်အဆင့်အထိ ပါ ရာထူးတိုးခံခဲ့ရပါတယ်။

အဆိုပါ ဝက်ဝံ Wojtek ကတော့ စစ်အတွင်း ပိုလန် စစ်သားတွေနဲ့အတူ ပါဝင်ကူညီ အမှုထမ်းပေးခဲ့ပြီး စစ်အပြီးမှာတော့ စကော့တလန်က အီဒင်ဘာ့ဂ တိရိစ္ဆာန်ရုံမှာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ဖြတ်သန်းကုန်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ အဆိုပါ ဝက်ဝံ Wojtek အကြောင်း အီဒီဘာ့ဂ်အခြေစိုက် ရုပ်ရှင် ထုတ်လုပ်သူ လိန်း ဂါ့ဒ်နာက ရိုက်ကူးထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

အဆိုပါ Wojtek အကြောင်း ရိုက်ကူးထားတဲ့ “A Bear Named Wojtek” အမည်ရ animated film ကိုတော့ လာမယ့် ၂၀၂၀ မှာ ပြသနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly