မြိတ်တွင် ကျပ်သိန်းပေါင်း ၄ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မြိတ်တွင် ကျပ်သိန်းပေါင်း ၄ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇန်နဝါရီ (၁၂) ။            ။ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ပုလဲလမ်းနှင့် ၆ လမ်းထောင့် လမ်းဆုံဆိုင်ကယ်ကယ်ရီဂိတ်တွင် အမျိုးသားတစ် ဦးထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀ ကို ဖမ်းဆီးရမိရာမှ ကွင်းဆက်တရားခံအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရာ လူနေအိမ် တစ်လုံးတွင် စုစုပေါင်း ၉၂၈၀၀ ပြားကို ထပ်မံ ဖမ်းဆီးရမိ ခဲ့သည်ဟု သိရ သည်။

 ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ပုလဲလမ်းနှင့် ၆ လမ်းထောင့် လမ်းဆုံရှိ ဆိုင်ကယ် ကယ်ရီ ဂိတ်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်နေ မောင်ဦး (ခ) မတ်တာကီ ၃၀ နှစ်အားရှာဖွေရာ ၎င်း ဝတ်ဆင်ထား သည့် ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၁ သိန်း) ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 “သတင်းအရ ဆိုင််ကယ်ကယ်ရီဂိတ်မှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ် ပြုလုပ်နေတယ်လို့ သိရတာကြောင့် သွားရောက် ဖမ်းဆီးပါတယ်၊ အဲ့ဒီကမှ စစ်ဆေးရာ အထက်ရေပုံးရပ်ကွက်ရှိ ဇင်ယော်မင်း ရေခဲစက် လမ်းကြား နေအိမ်တစ်အိမ်က ဝယ်ခဲ့တယ်လို့ ထွက်ဆိုလို့ သွားရောက် ဖမ်းဆီးရာ အခုလို မူးယစ်ဆေးဝါးတွေ အမြောက် အများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်” ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့တစ်ဦးက ပြောကြားသည်။

ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား မြိတ်မြို့၊ အထက်ရေပုန်း ရပ်ကွက်တွင် နေထိုင်သော သိန်းနိုင်မြင့် (ခ)အာယုခန်း ၄၃ နှစ်ထံမှ ဝယ်ယူခဲ့ပြီး အထက်ရေပုန်းရပ်၊ ဇေယျမင်း လမ်းသွယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဝယ်ယူရန် ချိန်းဆိုထားကြောင်း သိရသဖြင့် သွားရောက် စောင့်ဆိုင်း နေစဉ် ညနေ ၄ နာရီ အချိန်တွင် သိန်းနိုင်မြင့်(ခ)အာယုခန်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ် ရောက်ရှိလာ၍ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခန္ဓာကိုယ်နှင့် ဆိုင်ကယ်ပေါ်တွင် သိုဝှက် သယ် ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ကျန်ရှိနေသေးကြောင်း ထပ်မံ ပေါ်ပေါက်ခဲ့သည်။

ထိုသို့ပေါ်ပေါက်ချက်အရ ညနေ ၄နာရီ ၃၀ အချိန်တွင် သိန်းနိုင်မြင့်(ခ)အာယုခန်း၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်တွင် မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ခရူတောရပ်ကွက်နေ စိုးနိုင်(ခ)ဟာဖွီး ၅၀ နှစ်အား တွေ့ရှိပြီး နေအိမ်တွင် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် သိန်း ၄၅၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စုစုပေါင်းကာလတန်းဖိုး (၄၆၄၀,၀၀၀၀၀) ကျပ် အထိရှိပြီး ဖမ်းဆီးရမိသူများကို မြိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၆/(ဂ) ၂၁နှင့် မြိတ်မြို့မရဲစခန်း၏ မယ(ပ)၁၁/၂၀၁၉၊ မူး၊စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly