နာဂဒေသ ရွာ ၆ ရွာအတွက် ကြိုးတံတားအား မိုးမကျမီ အပြီးတည်ဆောက်သွားမည်ဟု ဝေဠုကျော်ပြော

နာဂဒေသ ရွာ ၆ ရွာအတွက် ကြိုးတံတားအား မိုးမကျမီ အပြီးတည်ဆောက်သွားမည်ဟု ဝေဠုကျော်ပြော
ဓာတ်ပုံ- ဝေဠုကျော်ဖောင်ဒေးရှင်း

ရန်ကုန်၊ ဇန်နဝါရီလ ၁၂ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ နှင့် ခြောက်မိုင်ခန့်ဝေးသော နေရာတွင် ရွာ ၆ ရွာမှ မရှိမဖြစ်အသုံးပြုနေရသည့် ကြိုးတံတားမှာ ဆွေးမြည့်စပြုနေပြီဖြစ်သည့်အတွက် ပေ ၄ဝဝ အရှည်ရှိ ကြိုးတံတားအသစ်အား ယခုနှစ် မိုးရာသီမတိုင်ခင် အပြီးတည်ဆောက်နိုင်အောင် ကြိုးစားသွား မည်ဟု ဝေဠုကျော်ဖောင်ဒေးရှင်းမှ ပရဟိတမင်းသား ဝေဠုကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ကြိုးတံတားအသစ်တည်ဆောက်နိုင်ရန်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဦးဆောင်အလှူခံခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အလှူရှင်များလှူဒါန်းမှုဖြင့် တံတားတည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၄၅ဝ ရရှိပြီဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

“ လက်ရှိအခြေအနေကတော့ တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ကို ကျွန်တော်တို့ တင်ပြပြီးသွားပါပြီ။ နောက် ဒီမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် နာဂဦးစီးအဖွဲ့တွေဆီမှာလည်း တင်ပြီးပြီခင်ဗျာ။ ခွင့်ပြုချက် ရပါပြီ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းတံတားအင်ဂျင်နီယာတွေက ဒီဇိုင်းပုံစံဆွဲပေးမယ်။ ပုံဆွဲပြီးတော့ ဒေသခံကုမ္ပဏီတွေနဲ့ ပေါင်းဆောက်ပါမယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းကော်မတီဖွဲ့ပါမယ်။ တံတား ကြီးကြပ်ရေး ကော်မတီ၊ ဖြစ်မြောက်ရေးကော်မတီကို ဒေသခံတွေနဲ့ ကျွန်တော်တို့ ပေါင်းပြီးဖွဲ့ပါမယ်”ဟု ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ပြောသည်။

အဆိုပါ တံတားဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီးပါက ကော်မတီမှ ကြီးကြပ်ပြီး  ဒေသခံကုမ္ပဏီမှ လမ်းတံတား အင်ဂျင်နီယာမှ ရေးဆွဲပေးသည့် တံတားဒီဇိုင်းပုံစံအတိုင်း ကုန်ကျစရိတ်တွက်ချက်ကာ  နှစ်လအတွင်း စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ မိုးမကျခင်အပြီးဆောက်လုပ်ဖို့အတွက် ကြိုးစားသွားမယ်။ သူတို့မှာလက်ရှိက ကြိုးတံတား အဟောင်း ရှိတယ် ။ ကြိုးတံတားအဟောင်းက ဆွေးနေပြီဖြစ်တဲ့အတွက် သွားရတာအဆင်မပြေဘူး။ လေးဘက်ကုန်း သွားနေရတယ်။ လူတစ်ယောက်တည်း ပစ္စည်းမပါဘဲနဲ့တောင် မနည်းလျှောက်နေရတယ်ပေါ့။ ကျွန်တော်တို့ ဆောက်မယ့်အဆင့်က ဆိုင်ကယ်တစ်စီးနဲ့ ဝန်နဲ့ပေါ့ တစ်တန်လောက်နိုင်တဲ့ အနေအထားမျိုး ကြိုးတံတားကို ဆောက်မှာပါ။ ကျွန်တော်တို့ တံတားထိုးမယ်နေရာက ကားလမ်းလည်းမရှိသေးဘူး။ ဆိုင်ကယ်လမ်းလည်း မရှိ သေးဘူး”ဟု ဝေဠုကျော်က ဆက်ပြောသည်။

ဆောက်လုပ်မည့် ကုမ္ပဏီကလည်း အမြတ်အစွန်းမယူဘဲ တည်ဆောက်ပေးမည်ဖြစ်ပြီး ပဏာမရွေးချယ်မှု အနေဖြင့် နန်းယွန်းမြို့နယ်ရှိ ရွှေပြည့်ဖြိုးဆောက်လုပ်ရေးကုမ္ပဏီနှင့် ညှိနှိုင်းနေကြောင်းသိရသည်။

လက်ရှိကြိုးတံတားမှာ ဒုံဟီးမြို့ရှိ ဆန်တီး၊ ရှောက်ရား၊ ရိန်ခူး၊ လပ်ကီးလုံရား၊ ကော်ချုံး၊ ဂလွန်းကျေးရွာများသို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော ကြိုးတံတားဖြစ်ပြီး တံတားတွင် ရှိသည့် ကြိုးများမှာလည်း အဆက် အပိုင်းများ ဖြစ်နေကာ ဆွေးမြည့် စပြုနေပြီဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly