ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ လျော့ကျလာဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ လျော့ကျလာဟု ပြည်ထဲရေးဒုဝန်ကြီး ပြော
 ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဇန်နဝါရီလ ၁၀ ရက်နေ့က ဘိန်းခင်းများ ဖျက်ဆီးနေမှုအားတွေ့ရစဉ်ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဇန်နဝါရီလ ၁၁ ။         ။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၄၃ဝဝ ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်ထက် ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့သွားကြောင်း မူးယစ်ဗဟိုအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောကြားသည်။

ဇန်နဝါရီလ ၁၁ ရက်က ရန်ကုန်မြို့၊ မူးယစ်ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂ဝဝ၆ ခုနှစ်တွင် ဟက်တာ ၂၁၅ဝဝ အထိ အနိမ့်ဆုံးသို့ ရောက်ရှိ ခဲ့ပြီး ၂ဝဝရ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှု အနည်းငယ်ကျဆင်းခဲ့ကြောင်း ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၅၅ဝဝဝ ရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ်တွင် ဟက်တာ ၄၁ဝဝဝ ထိရှိခဲ့ခြင်း ကြောင့် ၂၅ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ဟက်တာ ၃၄၃ဝဝ စိုက်ပျိုးမှုရှိခဲ့၍ ၂ဝ၁၇ ခုနှစ်ထက် ထပ်မံ ၉ ဒသမ ၁ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

“ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာလည်း စိုက်ပျိုးနေတာကို တွေ့ရှိရပါတယ်။ ၁၉၉၉ ခုနှစ်မှာ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနဲ့ နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂ဝ၁၉ ခုနှစ်ထိရေးဆွဲပြီး မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင် ရွက်လျက်ရှိပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့သည်။

မူးယစ်ဗဟိုအဖွဲ့အနေဖြင့် UNODC အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုလျော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီ ဖြစ်စေရေးစသည့် ကဏ္ဍအသီးသီးကိုအခြေခံပြီး အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်ကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် အတည်ပြုနိုင်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly