ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေသည့်နေရာများသို့ NGO များ ခရီးသွားရောက်ခွင့် ပိတ်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေသည့်နေရာများသို့ NGO များ ခရီးသွားရောက်ခွင့် ပိတ်
The Arakan State Parliament Building. Photo: Narinjara

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ။        ။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိသော သတင်းများအပေါ်မူတည်ပြီး ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ NGO အဖွဲ့အစည်းများအား ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် မပြုကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အစိုးရမှ ဇန်နဝါရီလ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ထိုသို့ ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပိတ်ပင်ထားသည့်အဖွဲ့များတွင်  အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ကို ခြွင်းချက်ဖြင့်  သွားလာခွင့်ပေးထားသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့မှ လွဲ၍ ကျန်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် UN/INGO/NGO အဖွဲ့အစည်းများအား သွားလာခွင့်ပိတ်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် အကြောင်းကြားစာတွင် ပါရှိသည်။

“ကန့်သတ်နယ်မြေတွေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပုံမှန်တော့ သွားလာနေကြပါတယ်။ တိုက်ပွဲဖြစ်နေ တဲ့နေရာတွေပေ့ါ၊ အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေကိုတော့ သွားခွင့်မပေးဘူးလေ။ ပုံမှန်နေရာတွေတော့ သွားနေကြတာပဲ”ဟု ညွှန်ကြားချက်ထုတ်ပြန်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္စျိမကို ပြောသည်။

လက်ရှိ သွားလာခွင့်ပေးထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း “ကူညီကယ်ဆယ်ရေးတွေတော့ သွားပြီးပေးနေကြတာပဲ။ အစိုးရအဖွဲ့ကလည်း သွားပေးနေတယ်။ အုပ်ချုပ်ရေးအဖွဲ့ကလည်း သွားပေးနေတယ်။ တခြားအလှူရှင်တွေလည်း သွားပေးနေကြတာပဲ။ နီးစပ်ရာ နီးစပ်ရာပေါ့နော်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ၊ ကျောက်တော် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ မောင်တောမြို့နယ် အနီးတစ်ဝိုက်တွင် တပ်မတော် နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဒုက္ခသည်များ၏ စာရင်းမှာလည်း တိုးပွားလာနေသည်။

စစ်ဘေးရှောင် ဒုက္ခသည် ပေါင်း ၅၀၀၀ ကျော် ခန့် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ထားသည်။ ဒုက္ခသည်များသည် လက်ရှိတွင် နီးစပ်ရာ ဘုန်းကြီးကျောင်း ၊ စုရပ်များတွင် ခိုလှုံနေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly