ပထမဆုံးအကြိမ် မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲ စစ်ကိုင်းမြို့တွင် ကျင်းပ

ပထမဆုံးအကြိမ် မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲ စစ်ကိုင်းမြို့တွင် ကျင်းပ

စစ်ကိုင်း ၊ဇန်နဝါရီ ၁၁ ။      ။ စစ်ကိုင်းမြို့၊မြို့တော်ခန်းမတွင် ကျင်းပသည့် မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်၊ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ် ကျင်းပလျက်ရှိသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်း ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်း (SDCCI) မှ တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ တိုင်း၊ခရိုင် အဆင့်ရှိ ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲကို စစ်ကိုင်းခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်း (SDCCI)၊မန္တလေးအခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံး၊ Indo-Myanmar အသင်း၊ မဏိပူ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ထိုအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ဇန်နဝါရီလ ၁၂ နေ့ အထိ နှစ်ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ပွဲကတော့မနက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်စကားပြောကြတယ်၊ရှေ့ အလား အလာတွေကို ပြောကြတယ်။နေ့လယ်ပိုင်းမှာ ဆွေးနွေးပွဲ စကားဝိုင်းပြုလုပ်တယ်။ကဏ္ဍအလိုက်ပေါ့ ကဏ္ဍ ၉ ခုကို အိန္ဒိယဘက်က ကိုယ်စားလှယ်တွေ၊စစ်ကိုင်း၊မန္တလေး၊ မုံရွာမှာ ရှိလုပ်ငန်းရှင်တွေ သက်ဆိုင်ရာ ကျွမ်းကျင်မှု လုပ်ငန်းအလိုက် ဆွေးနွေးပြောကြတယ်။ညပိုင်းမှာတော့ ယဉ်ကျေးမှုဖလှယ်ပွဲလေးအဖြစ် ရိုးရာ အကတွေ၊ တိုင်းရင်းသားအကတွေ နဲ့ ဧည့်ခံဖျော်ဖြေတယ်။မနက်ဖြန်ကတော့ ကုန်စည်ပြပွဲကို အဓိက ထား ပါတယ်။ပြီးတော့ ဧည့်သည်တော်တွေကို စစ်ကိုင်းမှာရှိတဲ့ စက်မှုလက်မှု လုပ်ငန်းတွေကို လိုက်လံပြသ မှာဖြစ်ပါတယ် "ဟု မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲ ပြန်ကြားရေး တာဝန်ခံ ဦးမြင့်သန်း က ပြောပြသည်။

စိုက်ပျိုးရေး၊သစ်သီးဝလံ၊စားသောက်ကုန်၊ လက်ယက်ကန်း ၊လက်မှုပစ္စည်း၊သံ နှင့် စတီး ဆက်စပ်ပစ္စည်းများ စသည့်တို့ပါဝင်သည့် စီးပွားရေး ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှ စီးပွားရေးကဏ္ဍအသီးသီး၌ ထင်ရှားသော စီးပွားရေး ကိုယ်စားလှယ် ၃၀ ကျော် နှင့် စစ်ကိုင်း၊မန္တလေး၊မုံရွာမြို့တို့မှ လုပ်ငန်းရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုန်စည်ပြပွဲတွင် အိန္ဒိယနိုင်ငံမှ လာရောက်ပြသသည့် စျေးဆိုင်ခန်းများ အပါအဝင် စုစုပေါင်း စျေးဆိုင်ခန်း ပေါင်း ၃၀ ကျော်ဖြင့် ဒေသထွက်ကုန် ပစ္စည်းများ၊အစားအသောက်များ၊လူသုံးကုန်ပစ္စည်းများ၊စက်မှုပစ္စည်းများ စသည့်တို့ကို ခင်းကျင်းပြသထားသည်။

နှစ်နိုင်ငံရှိ စီးပွားရေးကုန်သည်ကြီးများကြားတွင် စီးပွားရေးကဏ္ဍများ ဆက်လက်စီးဆင်းစေရန်အတွက် ရည်ရွယ်၍ အဆိုပါ ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိ စီးပွားရေးကုန်သည်များမှလည်း အိန္ဒိယ ကုန်သည်များနှင့်အတူ စီးပွားရေး ဖြစ်ထွန်းမှု အလားအလာ ကောင်းသော ကဏ္ဍများ ဖြစ်သည့် ကုန်သွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊စပ်တူလုပ်ငန်းရှယ်ယာများကို ပြုလုပ်ရန် အခွင့်အရေးကောင်းများ ရရှိမည် ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly