နိုင်ငံအတွင်း ငြိမ်းချမ်းရေးရမည်ဆိုပါက တစ်နှစ်အတွင်း သိသိသာသာ အပြောင်းအလဲများ မြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံအတွင်း ငြိမ်းချမ်းရေးရမည်ဆိုပါက တစ်နှစ်အတွင်း သိသိသာသာ အပြောင်းအလဲများ မြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ။         ။ နိုင်ငံအတွင်း ငြိမ်းချမ်းရေးရမည်ဆိုပါက တစ်နှစ်အတွင်း သိသိသာသာ အပြောင်းအလဲများ မြင်ရမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၁ဝရက် မနက်ပိုင်းက  မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဝင်းအတွင်း ကျင်းပသည့် (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်စဉ် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆို ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံသာအေးချမ်းသွားမယ်ဆိုရင်၊ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီး မိန့်ဆိုခဲ့တဲ့ အတိုင်း ဆယ်နှစ်အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာအပြောင်းအလဲတွေ မြင်ရ မယ်လို့ ယုံကြည်တယ်။ ပြည်တွင်းစစ်မီးတွေ အားလုံးငြိမ်းသွားပြီးတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်း အလဲ တွေကို သိသိသာသာမြင်ရလိမ့်မယ်။ ကျွန်မတို့လိုချင်တဲ့ ခိုင်မာတဲ့အခြေအနေကိုတော့ သမ္မတကြီး မိန့်ဆိုတဲ့ အတိုင်း ပဲဆယ်စုနှစ်တစ်စုတော့ သေသေချာချာကြိုးစားပြီးစနစ်တကျခိုင်မြဲအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်စဉ် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ငြိမ်းချမ်းရေးအပါအဝင် ခေါင်းဆောင်ဖြစ်သူများအနေဖြင့် ကျင့်ကြံသင့်သော အမူအကျင့် များကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

“ခရီးတစ်ခုကိုစဖို့ဆိုတာ ပထမခြေလှမ်းကအရေးအကြီး ဆုံးပါ။ ပြည်ထောင်စုကြီးတကယ်ခိုင်မာ၊ ဖွ့ံဖြိုး တိုး တက်ဖို့အတွက် စပြီးတော့လှမ်းမယ့် ခြေလှမ်းက ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်တယ်ဆိုတာထပ်ပြီးတော့ သတိပေးပါရစေ။ ဒါကလည်းအမြဲပဲကြုံတိုင်းသတိပေးတဲ့ကိစ္စမို့ အထွေအထူးပြောဖို့မလိုပါဘူး။”ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၈ရက်နေ့မှ စတင်ကာ ကချင်ပြည် နယ်ခရီးစဉ်ကို စတင်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ စာသင်ကျောင်းများ၊ ရေအား လျှပ်စစ်စီမံကိန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် (၇၁) နှစ်မြောက် ကချင်ပြည်နယ် နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly