ရိုက်တာသတင်းသမားများအမှု အယူခံပယ်ချခံရ

ရိုက်တာသတင်းသမားများအမှု အယူခံပယ်ချခံရ

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ။         ။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အယူခံလျှောက်ထားချက်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၁၁  ရက်နေ့တွင် ပယ်ချခဲ့သည်။

 “ဒီနေ့တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အမှန်တကယ်စိတ်ပျက်စရာကောင်းပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ သတင်းထောက်တွေရဲ့ အခြေအနေတွေကို မီးမောင်း ထိုးပြလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အယူခံတင်တဲ့ စာမှာပါတဲ့ သုံးသပ်ချက်တွေအားလုံးကို တရားရုံးက သုံးသပ်တာမတွေ့ရဘူး။ အောက်ရုံးမှာ ဆုံးဖြတ်ချက် ချခဲ့တဲ့အတိုင်းပဲ ဒီနေ့အယူခံကို ပလပ်လိုက်တယ်” ဟု ရိုက်တာသတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

 ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ စာရင်းကို ရိုက်တာသတင်းသမားများ၏ လက်ထဲတွင် လက်ဝယ်တွေ့ရှိရသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ  ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ၄င်းတို့အား မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 ရိုက်တာသတင်းသမားများ စတင်ဖမ်းဆီးခံရချိန်မှစတင်ကာ နိုင်ငံတကာသံတမန်များ ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ပြန်လွှတ်ပေးရန် တောင်းဆိုနေခဲ့ခြင်းများလည်းရှိသည်။

 တရားရုံးမှ အယူခံလျှောက်ထားမှုကို ပလပ်လိုက်ခြင်းသည် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပေါ် ကျရောက်နေသည့် မတရားမှုများထဲမှ တစ်ခုဖြစ်သည်ဟု ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် Stephen J. Adler  က ဆိုသည်။

 “သူတို့အနေနဲ့ အခုထိအကျဉ်းထောင်ထဲရောက်နေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အာဏာပိုင်တွေအနေနဲ့ အမှန်တရားကို နှုတ်ပိတ်ဖို့အတွက်ဖြစ်ပါတယ်။ သတင်းထောက်အလုပ်ဟာ ရာဇဝတ်မှုတစ်ခု မဟုတ်တဲ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီအမှားကို မပြင်သရွှေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးနေဆဲဖြစ်တဲ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကတိကဝတ်ပြုထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအရေးဟာလည်း သံသယဖြစ်ဖွယ် အခြေအနေမှာ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

 ရိုက်တာသတင်းသမားများ၏အမှုကို ပြန်လည်စိစစ်သုံးသပ်ပေးရန်လည်း နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုချက်များလည်း ရှိနေခဲ့သည်။

 “အားလုံးကတော့အကောင်းဆုံးကို မျှော်လင့်ထားကြတာပဲလေ။ ရှေ့ဆက်ဘာလုပ်သွားမလဲဆိုတာတော့ ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်” ဟု ကိုဝလုံး၏ အမျိုးသမီးဖြစ်သူ မပန်းအိမွန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly