ခရစ်ကတ်အရူးအမူး ပါကစ္စတန်မှာ ဘောလုံးလောက တိုးတက်ဖို့ ကူညီသွားမယ့် ဖီဂိုနဲ့ ကာကာ

ခရစ်ကတ်အရူးအမူး ပါကစ္စတန်မှာ ဘောလုံးလောက တိုးတက်ဖို့ ကူညီသွားမယ့် ဖီဂိုနဲ့ ကာကာ
Photo: AFP

ပေါ်တူဂီရဲ့ ဂန္တဝင်ကစားသမားကြီး လူးဝစ် ဖီဂိုနဲ့ ဘရာဇီးကြယ်ပွင့် ကာကာတို့က ခရစ်ကတ်ကို အရူးအမူးအားပေးကြပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ နှစ်ကြိမ် ပိတ်ပင်ခံခဲ့ရတဲ့  ပါကစ္စတန်နိုင်ငံမှာ ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့ကြတဲ့ ဂန္တဝင်ကစားသမား နှစ်ဦးစလုံးဟာ World Soccer Stars ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တစ်ရက်ကြာ ပါကစ္စတန်ကို အလည်အပတ်ရောက်ရှိခဲ့တာပါ။ 

ပါကစ္စတန်မှာ လူကြိုက်များတဲ့ ကစားပွဲမှာ အသုံးပြုတဲ့ ခရစ်ကတ်ရိုက်တံ ကိုင်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ် Ballon d’Or ဆုရှင် ဖီဂိုက သူအနေဖြင့် ဒီနေရာကို ရောက်လာဖို့အတွက် စိတ်လှုပ်ရှားခဲ့တယ်လို့ ကရာချီရဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“ပါကစ္စတန်မှာ အလွန်ကောင်းမွန်တဲ့ ဘောလုံးလောက ရှိပါတယ်။ ဒါ့ကြောင့်ပဲ ဒါကို တိုးတက်ဖွံ့ဖြိုးလာအောင် ကူညီပေးဖို့ ကျနော်တို့ ဒီနေရာမှာ ရှိနေတာပါ။”လို့ ၂၀၀၉ ခုနှစ်က ကစားသမားဘဝမှ အနားမယူခင် ဘာစီလိုနာအသင်းမှာလည်း ကစားခဲ့တဲ့ ဖီဂိုက ပြောပါတယ်။

ခရစ်ကတ်ဘောလုံးကို ကိုင်ဆောင်လာတဲ့ ကာကာက သူတို့နှစ်ဦးဟာ ဘောလုံးကဏ္ဍကို ကမ္ဘာတစ်လွှားမှာ မြှင့်တင်လုပ်ဆောင်ပေးနေဖို့ ကတိပြုကြောင်း ပြောပါတယ်။ 

“တကယ်ပဲ နွေးထွေး ကောင်းမွန်စွာ ကြိုဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကျနော်ရဲ့ ပထမဆုံးအကြိမ် လည်ပတ်မှုဖြစ်ပြီး အတွေ့အကြုံ့အများကြီး ရပါတယ်။”လို့ ၂၀၀၇ Ballon d'Or ဆုရှင် ကာကာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ၁၉၇၀ ခုနှစ်များအစောပိုင်းအထိ အာရှဘောလုံးလောကမှာ ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ရပ်တည်ခဲ့ပေမယ့် အစိုးရရဲ့ ထောက်ပ့ံမှု မရှိခြင်းနဲ့ ည့ံဖျင်းတဲ့ အခြေခံအဆောက်အအုံကြောင့် ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၉၉ ဆင့်အထိ ရောက်ရှိသွားပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းဖြစ်တဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဘောလုံးအဖွဲ့ချုပ်အားလုံးဟာ ဘယ်အစိုးရ၊ ဘယ်တရားစီရင်ရေးကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ လွတ်လပ်စွာ ရှိရမယ်လို့ ဆိုထားပြီး ပါကစ္စတန်ဟာ ဒီစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ၁၉၉၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နှစ်ကြိမ် ပိတ်ပင်မှုခံခဲ့ရပါတယ်။

ဖီဂိုနဲ့ ကာကာတို့ဟာ လာမယ့် ဧပြီ ၂၃ မှ ၂၆ ရက်အတွင်း သရုပ်ပြပွဲများနဲ့ ကာလတို နည်းပြသင်တန်းများအတွက် ပါကစ္စတန်ကို ပြန်လည်လာရောက်ဖို့ ရှိနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly