လမ်းမြေပေါ်တွင် ဆောက်ထားသော လူနေအိမ် ၁၄ လုံးအား တစ်ပတ်အတွင်း ဖယ်ရှားရန် စာကပ်ခံရ

လမ်းမြေပေါ်တွင် ဆောက်ထားသော လူနေအိမ် ၁၄ လုံးအား တစ်ပတ်အတွင်း ဖယ်ရှားရန် စာကပ်ခံရ

မြိတ်၊ ဇန်နဝါရီ ၁၀ ။            ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင် စက်မှုဇုန်အနီးရှိ ချမ်းမြေ့သာယာ ရပ်ကွက်၏ လမ်းမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် လူနေအိမ် ၁၄ လုံးကို တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ဇန်နဝါရီလ ၈ ရက်နေ့က သက်ဆိုင်ရာအဖွဲ့စည်းများမှ သတိပေး ဆိုင်းဘုတ်များကို လာရောက်ကပ်ထားခဲ့ကြောင်း သိရသည်။

စည်ပင်ဥပဒေနှင့် မညီညွတ်သည့် တားမြစ်အဆောက်အအုံ လူနေအိမ် ၁၄ လုံးကို ယခင် ဆိပ်ငယ် အုပ်ချုပ်ရေး မှူးဟောင်းဆိုသူက သူ ပိုင်ဆိုင်သည့်မြေဟု ပြောဆိုပြီး၊ မြေကွက် ၂၀ ပေမှ ၃၀ ရှိ နေရာများကို ငွေကျပ် ၂၀ သိန်းမှ ၈၀ ကျပ်သိန်း အထိ ရှိသည့် စျေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ယင်း မြေများအား ဝယ်ယူထားသူများထံမှ သိရသည်။

နေအိမ်ဆောက်လုပ် မြေကွက်ဝယ်ယူထားသူ ကိုနေဇော်ထူးက“ကျွန်တော်က ဒီမြေကွက်ကို ဆိပ်ငယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ရင်ထံမှ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ၁ လလောက်က ဒီနေရာဟာ သူ့မြေ ဖြစ်ပါတယ်၊ ပိုက်ဆံပေးပြီး ဝယ်ယူထားတဲ့ သူတွေ ဒီနေရာမှာ ဆောက်လို့ ရတယ် ဆိုပြီး ပြောလို့ ကျွန်တော်တို့က ဆောက်ခဲ့တာပါ၊ လမ်းမြေဖြစ်လို့ ကျူးကျော်ပြီး လာဆောက် လုပ်တာ မဟုတ်ပါဘူး၊ ၈ ရက်နေ့က စည်ပင်နဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေက လာပြီး ဆိုင်းဘုတ်လာကပ်မှ မြေကွက်တွေကို လိမ်လည်ပြီး ရောင်းခံလိုက်ရတယ်”ဟု ပြောသည်။

ယင်းလမ်းမြေပေါ်တွင် လူနေအိမ်များကို ဆောက်လုပ်ထားသည့် ပြည်သူတချို့မှာ ထိုင်းနိုင်ငံမှ သွားရောက် အလုပ် လုပ်ကိုင်၍ ငွေကြေး စုဆောင်းပြီး၊ ဝယ်ယူထားသူနှင့် ပြောင်းရွေ့လာသူများက ဝယ်ယူထားခြင်းဖြစ်ပြီး၊ လက်ရှိမှာ ၄င်းတို့က အပြီးအပိုင် ဖယ်ရှားခံရပါက နစ်နာမှုတွေ အများကြီး ရှိလာနိုင်သောကြောင့် သက်ဆိုင်ရာ မှ ငဲ့ညှာ စဉ်းစားပေးရန် မြေကွက်ဝယ်ယူထားသူများက ပြောဆိုသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ နေအိမ်တွေ မဆောက်ဖို့ ကျွန်တော်ကိုယ်တိုင် လာရောက်ဟန့်တားတာမျိုး ရှိပါတယ်၊ ဒါပေမယ့် သူတို့က မနားဘူး ဆက်ဆောက်နေကြတယ်၊ အခု ဇန်နဝါရီလ ၈ ရက်နေ့မှာ လမ်းမြေ ဖြစ်လို့ ဆောက်ခွင့် မရှိဘူး ဆိုပြီး သက်ဆိုင်ရာက လာရောက်တားမြစ် သွားပါတယ်၊ ဒီလထဲမှာ နေအိမ် ၁၄ လုံး ကို အပြီးဖယ်ရှားပေးရမယ်” ဟု ချမ်းမြေ့သာယာရပ်ကွက်နေ ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောဆိုသည်။

သို့ရာတွင် မြေဝယ်ထားသူများက ၄င်း ရာအိမ်မှူးကို အိမ်ဆောက်ခွင့် ပြုရန် ငွေကျပ် ၁ သိန်းမှ ၅ သိန်း အထိ ပေးဆောင်၍ ဆောက်လုပ်ထားတာခြင်း ဖြစ်ကြောင်း မြေကွက်ဝယ်ယူထားသူများဘက်မှ ပြောဆိုထားသည်။

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက“ ဒီ စက်မှုဇုန် ၂ လမ်းမှာ ရှိတဲ့ ပေ ၄၀ ရှိတဲ့ လမ်းပေါ်မှာ ကျူးကျော် အိမ်တွေ လာရောက်ဆောက်လုပ်ထားတာ မနေ့က သွားရောက် စစ်ဆေးခဲ့ပါတယ်၊  အိမ်တွေက ရက်ပိုင်းအတွင်းမှာ ဆောက်ထားတာကို တွေ့ရပါတယ်၊ ဒီလို့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး၊ နောက်ကွယ်မှာ ဦးဆောင်သူ တစ်ယောက်ကတော့ ရှိတယ်လို့  သိရပါတယ်၊ အဲ့လို့ ကျွန်တော်တို့ မြေကွက် ဝယ်ယူထားတဲ့ နေအိမ်ပိုင်ရှင်တွေကို စစ်ဆေး ကြည့်တဲ့ အခါမှာ ယခင် ဆိပ်ငယ် အုပ်ချုပ်ရေးမှူး ဟောင်း ဆိုသူက ရောင်း ထားတာကို တွေ့ရပါတယ်၊ နောက်ပြီး နှစ်ဦး သဘောတူ လက်မှတ်ထိုးပြီး ရောင်းထားတာ ဖြစ်လို့ မသိ နားမလည်တဲ့ ပြည်သူတွေက ဝယ်မိထားတာ ဖြစ်ပါတယ်၊ ဒါကတော့ စည်ပင် ဥပဒေအရ ဘောင်မဝင်ပါဘူး၊ ၇ ရက်အတွင်း ဖျက်သိမ်းပေးဖို့ ပြည်သူတွေကို ပြောထားတယ်၊ နောက်ပြီး ရောင်းသူနဲ့ ဝယ်သူကြားမှာ ပြည်သူတွေ နစ်နာတယ် ဆိုပေမယ့် တရားဥပဒေအရ လိမ်လည်ရောင်းချတဲ့ သူကိုတော့ အရေးယူနိုင်ဖို့တော့ ပြုလုပ်သွားမှာ ဖြစ်တယ််”ဟု ပြောသည်။

မြေကွက်များအား ရောင်းချသူ အုပ်ချုပ်ရေးမှူးဟောင်းဆိုသူက ယင်းမြေသည်၊ သူပိုင်ဆိုင်ကြောင်း၊ ပြောဆို နေပြီး၊ စည်ပင်မှ အမှန်တကယ် ဖယ်ရှားခံရပါက နစ်နာခဲ့သည့် မြေကွက် ဝယ်ယူထားသူများကို ငွေကြေး သို့မဟုတ် မြေကွက်များကို ပြန်လည် ပေးလျှော်သွားမည်ဟု ပြောဆိုထားသည်။

“စည်ပင်က တကယ်ပဲ ပေ ၄၀ လမ်း လုပ်မှာလား လုပ်ရင်တော့ ကျွန်တော်ကတော့ အခု လက်ရှိ ဆောက်လုပ် ထားတဲ့ နေအိမ်တွေကို ဖယ်ရှား ပေးသွားမှာ ဖြစ်ပါမယ်၊ ဒါမှမဟုတ်ပဲ ဒီအတိုင်းတော့ မဖယ်ရှားပေး နိုင်ပါဘူး၊ ပြဿနာ တစ်စုံ တစ်ခု ဖြစ်လာရင်တော့ နစ််နာသူတွေကိုတော့ ကျွန်တော်ကတော့ ငွေအားဖြစ်သော် လည်းကောင်း မြေကွက်သော်လည်းကောင်း ပြန်လည် စီစဓဉ်ပေးသွားမှာ ဖြစ်တယ်”လို့ မြေကွက်ရောင််းချသူ ဦးခင်မောင်ရင်က ပြောဆိုသည််။

လက်ရှိအချိန် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အဆိုပါနေအိမ်များ ဖြိုဖျက်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly