အမှုအမြန်ပြီးချင်သည်ဟုဆိုသော ဇေယျာဖြိုးကိုယ်တိုင်က အမှုကိုကြန့်ကြာအောင်လုပ်နေဟု တရားလို ရှေ့နေများ တုန့်ပြန်ပြော

အမှုအမြန်ပြီးချင်သည်ဟုဆိုသော ဇေယျာဖြိုးကိုယ်တိုင်က အမှုကိုကြန့်ကြာအောင်လုပ်နေဟု တရားလို ရှေ့နေများ တုန့်ပြန်ပြော
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၁ဝ ။               ။ ဦးကိုနီအသတ်ခံရမှုတွင် သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ၊ အားပေးကူညီမှု ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် ဇေယျာဖြိုးက အမှုအမြန်ပြီးချင်သည်ဟုဆိုနေသော်လည်း ၎င်းကိုယ်တိုင်ကပင်အမှုအား ကြန့်ကြာအောင်လုပ်နေခြင်းဖြစ်ကြောင်း တရားလို ရှေ့နေများက တုန့်ပြန်ပြော ဆိုလိုက်သည်။

ဇန်နဝါရီလ ၁ဝ ရက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်း အပါအဝင် ၃ ဦးကို ၉၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးနောက် တရားလိုရှေ့နေများက မီဒီယာများအား ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမှုအား ကြန့်ကြာအား အချိန်ဆွဲနေသည်ဟု အထူးခုံရုံးဥက္ကဋ္ဌ ကိုယ်တိုင်က မှတ်ချက်ပေးရလောက် အခြေ အနေမျိုးဖြစ်နေသည်မှာ သေနတ်သမားကြည်လင်းအမှုတွဲမှ တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်း ဇေယျာဖြိုးဘက်မှ တင်ပြထားသည့် တရားခံပြသက်သေများစစ်ဆေးမှု ကြန့်ကြာနေခြင်းကြောင့်ဖြစ်သည်ဟု ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

“ နောက်ဆုံးပိတ်ပြောမယ်။ ဒေါ်သီတာလွင် သူ့ရဲ့ဇနီး တရားရုံးအရှေ့မှာ လာအစစ်ခံလို့ရတယ်။ အခုချိန်ထိ လာအစစ်မခံဘူး။ ဘာလဲ.. အဲ့ဒါအမှုဆွဲတာမဟုတ်လို့ ဘာလဲ။ အဲ့ဒီတော့ အမှုမြန်ချင်တယ်လို့ပြောတဲ့ ကိစ္စက သူ့(ဇေယျာဖြိုး)ရဲ့ ပြောကြားချက်ကမမှန်ဘူး။ သူကိုယ်တိုင်က အမှုကြန့်ကြာချင်တဲ့အတွက်ကြောင့်မို့လို့ သက်သေများနဲ့ အမှုကို ကြန့်ကြာအောင်လုပ်နေတယ်ဆိုတဲ့အချက်က ပိုပြီးထင်ရှားတယ်”ဟု ဦးနေလက ပြောသည်။

ဇေယျာဖြိုးအား သေဒဏ်အထိချမှတ်နိုင်သည့် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ၊ အားပေးကူညီမှု ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်စစ်ဆေးနေခြင်းဖြစ်သည့်အတွက် ၎င်းဘက်မှ ထိုအချက်အပေါ် ခုခံဖြေရှင်းရမည်ဖြစ် သော်လည်း လာရောက်ထွက်ဆိုကြသည့် တရားခံပြသက်သေအများစုမှာ ဇေယျာဖြိုး အကျင့်စာရိတ္တကောင်း မွန်ကြောင်း ရုံးချိန်းတစ်နေကုန်ထွက်ဆိုကြကြောင်း၊ သက်သေများတွင် ဇေယျာဖြိုး အပြစ်မရှိကြောင်း တင်ပြ သည့် သက်သေတစ်ယောက်မပါကြောင်း ဦးနေလက ဝေဖန်ပြောဆိုသွားသည်။

 

ဇေယျာဖြိုးက ရုံးချိန်းတိုင်း၊ ရုံးချိန်းတိုင်းတွင် မီဒီယာများအား ၎င်းတွင် အပြစ်မရှိကြောင်း၊ စစ်ဆေးမှုကြန့်ကြာ နေသည့် အမှုအား အမြန်ဆုံးပြီးချင်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

တရားလိုရှေ့နေများဘက်မှ ၎င်း၏ တရားခံပြသက်သေများနှင့် ပတ်သက်ပြီး မီဒီယာများထံတွင် နာမည်အတိ အကျဖြင့် ပြောဆိုမှုများရှိနေသဖြင့် ယခင်ကတည်းက မလာချင်သည့် သက်သေများမှာ မလာရဲ တော့သည့် အတွက် ၎င်းအနေဖြင့် အချိန်ကြန့်ကြာမှုမဖြစ်စေရန် သက်သေများကို ပယ်နေရကြောင်း ၉၈ ကြိမ်မြောက် ရုံးချိန်းတွင် ဇေယျာဖြိုးက ပြောဆိုသွားခဲ့သည်။

“ ဒီအမှုမှာ အမြန်ဆုံးပြီးချင်တဲ့သူက ကျွန်တော်ပဲ။ ပြောရရင် လုံးဝမပတ်သက်ခဲ့တဲ့အတွက်  စွဲချက်တောင် အတင်မခံနိုင်လွန်းလို့ ကျွန်တော်က နောက်ဆုံးအချိန်ထိ အယူခံ၊ နေပြည်တော်စာချွန်တော်အထိ လုပ်လို့ ရတဲ့ဟာတွေအကုန်လုံးလုပ်နေတာ။ ကျွန်တော်ကိုယ် ကျွန်တော်အမြန်တမ်း စိတ်ရှင်းတယ်။ ဒါကြောင့် အားလုံးကိုလည်း ကျွန်တော်ပြောတယ်။ ဘယ်မှာ ကျွန်တော်ကို သံသယဖြစ်လဲ။ ဘယ်နေရာမှာ ခင်ဗျားတို့ သံသယ ရှိတာရှိလဲ။ ကျွန်တော်အချိန်မရွေး အတိအကျဖြေရှင်းပေးမယ်”ဟု စွပ်စွဲခံရသူ ဇေယျာဖြိုးက ပြောသည်။

အခင်းဖြစ်ပွားစဉ်က ပြစ်မှုကျူးလွန်သူဖမ်းမိရေးအတွက် ကြိုးပမ်းရင်း သေနတ်ထိမှန်သေဆုံးခဲ့သည့် အငှား ယာဉ်မောင်းကိုနေဝင်း မိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်ကမူ ဇေယျာဖြိုးအား တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးရောက်မှ အကွက်ဆင်၊ ဉာဏ်ဆင် ပြောဆိုနေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

“ ဇေယျာဖြိုးကို ဖမ်းတာ ရှင်းရှင်းလေး။ ရဲကဖမ်းတာ မဟုတ်ဘူး။ အဆင့်မြင့်အတတ်ပညာတွေနဲ့ သင်ကြား လေ့ကျင့်ထားတဲ့ တပ်မတော်က ဖမ်းတာ။ ၂၅ ရက်၊ ၂ လ၊ ၂ဝ၁၇ ခုနှစ်နေ့စွဲပါ သတင်းစာရှင်းလင်းပွဲမှာ ပါပြီးသား။ တပ်မတော်က ဖမ်းတာ ဖမ်းပြီးမှ ရဲလက်ကို အပ်တာ။ တပ်မတော်က မပိုင်ရင်ခြင်တောင် မရိုက်ဘူး။ ပိုင်လို့ ဖမ်းလာတာ။ အဲ့ဒါကို သူ(ဇေယျာဖြိုး)က ဒီကျမှ ကလိမ်စေ့ ငြမ်းဆင် လျှောက်ပြောနေတယ်။ ဒါတွေက အပိုတွေပဲဗျ”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဇေယျာဖြိုးမှာ တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်း နည်းပြဖြစ်ခဲ့သူ၊ တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်းဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်းဖြစ်ကာ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့် အတူ ရောင်ဝါဖြိုးကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပါရှိသည်။

ဇေယျာဖြိုး၊ အောင်ဝင်းခိုင်နှင့် မိုင်းဖြတ်မြို့နယ်လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ၃ ဦး  ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့ရာမှ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီလုပ်ကြံခံရမှု  ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားမှုများရှိသည်။

အမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ၉၉ ကြိမ်မြောက်ရုံးချိန်းတွင် ဇေယျာဖြိုးဘက်မှ ထွက်ဆိုရန် ဆင့်ခေါ်ထားသည့် တရားခံပြသက်သေများမှာ တရားရုံးသို့ လာရောက်လာခြင်းမရှိသဖြင့် စွပ်စွဲခံရသူ ဇေယျာဖြိုးဘက်မှပင် အဆိုပါ တရားခံပြသက်သေ ၃ ဦးကို ပယ်လိုက်သည်။

ထို့ကြောင့် အထူးခုံရုံးတွင် စစ်ဆေးရန် တင်ပြထားသည့် တရားခံပြသက်သေ ၇၂ ဦးအနက် လက်ရှိတွင် စစ်ဆေးရန်အတွက် တရားခံပြသက်သေ ၆ ဦးသာ ကျန်ရှိတော့သည်။

ဦးကိုနီလုပ်ကြံခံရမှုမှာ ပြီးခဲ့သည့့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များရှိနေသည့်နေရာတွင်ပင် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့သည့် အမှု ဖြစ်သည်။

အမှုအား စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူ ဝေဖန်မှုများ မြင့်တက်နေသည့် ဦးကိုနီ အသတ်ခံရမှုအား စစ်ဆေးနေသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည့်အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့ ရုံးချိန်းတွင် ရုံးချိန်းပေါင်း ၁ဝဝ ပြည့်ပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly