ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်နေမှု အကောင်းဆုံးဆောင်ရွက်နေဟု ဆို

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်နေမှု အကောင်းဆုံးဆောင်ရွက်နေဟု ဆို
ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ကျင်းပနေသည့် အစည်းအဝေး။

ပုသိမ်၊ ဇန်နဝါရီလ ၁၀ ။            ။ လွှတ်တော်သက်တမ်းတစ်ဝက်ကျိုးသည်အထိ ပြီးပြတ်ခြင်းမရှိသေးသော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ ဆောက်လုပ်နေမှုအား အခက်အခဲများကြားမှ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

“လွှတ်တော်ခန်းမ အဆောက်အဦသည် ကြီးမားပြီး ပါဝင်ရမည့် System များသည့်အတွက် ဘတ်ဂျက်နှစ် ၂ နှစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းအပ်နှံထားသည့် ကုမ္ပဏီအနေနဲ ့ ပေးအပ်ရမည့်အချက်အလက် များကို ပြည့်စုံမှန်ကန်စွာ အချိန်မီပေးအပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ရရှိခဲ့သည့် အချက်အလက်များပေါ် မူတည်ပြီး အခက်အခဲကြားမှ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေးအဖွင့် တွင် လွှတ်တော်သို့ ပြောသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပုသိမ်သို ့လာရောက်သည့်ခရီးစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ မပြီးသည့်ကိစ္စအား ပုသိမ်မြို့တော်ခန်းမ၊ မဏ္ဍိုင်သုံးရပ် တွေ ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ လွှတ်တော်တည်ဆောက်ရေးကော်မတီများအနေဖြင့် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်ရာမှာ အဂတိတရားကင်းရှင်းစွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ဆောင်ရွက်နေကြသော်လည်း အမြင်မကြည်လင်မှုများ ရှိကောင်းရှိနိုင်သလို ဝေဖန်မှုတွေ၊ တိုင်ကြားမှုတွေ လည်း ရှိလာနိုင်ပါတယ်၊ဘယ်လိုအခက်အခဲတွေ ရှိရှိ တိုင်းဒေသကြီး ဂုဏ်ဆောင်လွှတ်တော်အဆောက်အဦကို ကျွန်တော်တို့ သက်တမ်းကာလမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါလို ့တိုက်တွန်းကြောင်း”  လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်သမ္မတက ပုသိမ်မြို့သို့ အောက်တိုဘာလ၂၇ ရက်နေ့က ရောက်ရှိချိန်တွင် “ လွှတ်တော် အဆောက်အဦ သက်တမ်းတဝက်ကျိုးသွားပြီ။ အခုအထိမပြီးသေးဘူး။ ချင်းပြည်နယ်တောင် ဖွင့်တော့မယ် ပြီးသွားပြီ၊၊ကျွန်တော် ပြောချင်တာ အဲဒီလောက်ဝေးလံခေါင်သီတဲ့အရပ်ဒေသ၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် သယ်ဖို့ ဝေးတဲ့ဒေသ။ ဧရာဝတီတိုင်းလို အစဉ်အလာရှိတဲ့ တိုင်း ၊ ကိုယ့်လက်ထက်ကြတော့ ညံတော့မှာလား စဉ်းစားစရာ။ ဒါတောင် ဒီသက်တမ်းအတွင်းမှာ ပြီးပါ့မလားဆိုတာ မပြောနိုင်ဘူး။ ကိုယ်လုပ်ရမဲ့ အလုပ်ကို လုပ်ပါ။ ကိုယ်လုပ်ရမဲ့အလုပ်ကို မလုပ်ရင် တာဝန်မကျေရာကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာ များကြတယ် ”ဟု ပုသိမ်မြို့တော်ခန်းမတွင် မဏ္ဍိုင်သုံးရပ်နှင့်တွေ့ဆုံပွဲတွင် ထည့်သွင်းပြောခဲ့သည်။

ဒုတိယအကြိမ် တိုင်းလွှတ်တော် စတင်စဉ်ကတည်းက ဆောက်လုပ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦအတွက်၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကျပ်သန်း ၂.၈ ဘီလီယံ သုံးစွဲမည် ဖြစ်ပြီး၊ နောက်လာမည့် ဘဏ္ဍာနှစ်တွင် ၂.၂ ဘီလီယံအား ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်းကို ဥက္ကဋ္ဌ ဆက်လက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အား တိုင်းအစိုးရအိမ်ရာဝန်ဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရန် အဆောက်အဦ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။

ထိုသို့ လွှတ်တော်အဆောက်အဦ ဆောက်လုပ်မှု မပြီးသေးသောကြောင့် ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်ကို တိုင်းအစိုးရရုံးတွင် ကျင်းပပြုလုပ်နေရသည်မှာ ၂ နှစ်ခွဲကျော် ကြာမြင့်နေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly