Live လွှင့်စဉ် မှားယွင်းသည့်ကိစ္စ ဘီဘီစီ မြန်မာပိုင်းကို နိုင်ငံတော်သမ္မတရုံးမှ ကန့်ကွက်တိုင်ကြား

Live လွှင့်စဉ် မှားယွင်းသည့်ကိစ္စ ဘီဘီစီ မြန်မာပိုင်းကို နိုင်ငံတော်သမ္မတရုံးမှ ကန့်ကွက်တိုင်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။              ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်က သမ္မတအိမ်တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဘီဘီစီမြန်မာပိုင်း၏ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာမှနေ၍ တိုက်ရိုက်ထုတ်လွင့်(Live) ခဲ့ရာ စတစ်ကာများ ပါရှိခဲ့မှုအား နိုင်ငံတော်သမ္မတရုံးမှ စာနယ်ဇင်းကောင်စီသို့ ကန့်ကွက်တိုင်ကြားခဲ့သည်။

နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်(AA) က ဝင်ရောက် တိုက်ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်း Live လွှင့်စဉ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ မျက်နှာတွင် စတစ်ကာပုံများကို ပေါ်ပေါက် ခဲ့မှုအား သတင်းမီဒီယာကောင်စီ (PC) သို့ ကန့်ကွက်ကြောင်း သမ္မတရုံးမှ တိုင်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုင်ကြားစာကို ဇန်နဝါရီလ ၉ ရက်နေ့က နိုင်ငံတော်သမ္မရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက သတင်းမီဒီယာကောင်စီသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကောင်စီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က မဇ္စျိမသို့ အတည်ပြုပြောသည်။

 တိုင်ကြားစာတွင် " အဲ့နေ့ကဖြစ်သွားတာက မဖြစ်သင့်ဘူးပေါ့။ ဦးဇော်ဌေးလိုလူမျိုးကို ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေပေါ့လေ။ တောင်းပန်စာလိုမျိုး တရားဝင်စာလိုမျိုးကို တရားဝင်ဖော်ပြစေချင်တယ်ပေါ့” ဟု ပါရှိကြောင်း ဦးမြင့်ကျော်က ဆိုသည်။

BBC Burmese ၏တရားဝင် Facebook စာမျက်နှာမှနေ၍ “ဖေ့စ်ဘုတ်လိုက်ဗ် တိုက်ရိုက်ထုတ်လွှင့်နေစဉ်တွင် မမျှော်လင့်ဘဲ Video effects များ ပါဝင်သွားခဲ့ပါသည်။
ယင်းသို့ပါဝင်သွားသည်ကို သိသိချင်း တိုက်ရိုက်ထုတ်လွှင့်နေမှုကို ရပ်ဆိုင်းပြီး အသစ်ပြန်လည် ထုတ်လွှင့်ခဲ့ပါသည်။ Filter effects များ ပါဝင်သွားသော ဗီဒီိယိုကိုလည်း ချက်ခြင်း ဖြုတ်ချခဲ့ပါသည်။ မရည်ရွယ်ဘဲ ဖြစ်သွားရသော ဖြစ်ရပ်အတွက် ဘီဘီစီမှ အထူးစိတ်မကောင်းဖြစ်ရပါသည်” ဟူ၍ အဆိုပါနေ့ညပိုင်းတွင် ပြန်လည်ရေးသားခဲ့သည်။

သို့သော် နိုင်ငံတော်သမ္မရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေမှနေ၍ တောင်းပန်စာတစ်စောင် ပြန်လည်ရေးပေးရန် ဇန်နဝါရီ ၉ ရက်နေ့တွင် PC သို့ စာပေးပို့ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

UK အခြေစိုက် ဘီဘီစီမြန်မာပိုင်းသတင်းဌာနဟာ ဘာသာစကားပေါင်း ၄ဝနှင့်တင်ဆက်နေသည့် BBC ၏ ဌာန ခွဲတစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အပတ်စဉ် နားဆင်သူ ၈.၃ သန်းခန့် ရှိကြောင်း၂၀၁၀ ခုနှစ်မှာ ပြုလုပ်သည့် သတင်းမီဒီယာလေ့လာမှု စစ်တမ်းတွင် တွေ့ရှိထားသည်။ ထို့ပြင် လန်ဒန်အခြေစိုက် The Association for International Broadcasting အဖွဲ့ကြီးက ချီးမြှင့်တဲ့ အကောင်းဆုံး ရေဒီယို သတင်းဆုကို ၃ ကြိမ် ရရှိထားသည့်သတင်းဌာနလည်းဖြစ်သည်။

ဒေသစံတော်ချိန် အချိန်ကွာခြားချက်အရ ယင်းကိစ္စအပေါ် ဘီဘီစီမှ တုံ့ပြောဆိုချက်ကိုလည်း မဇ္ဈိမမှ ထပ်မံဖော်ပြသွားမည် ဖြစ်ပါသည်။

ထပ်မံဖြည့်စွက်ချက်

“ သူတို့ပို့တယ်လို့တော့ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ဆီတော့ တိုက်ရိုက်တော့ လှမ်းမပို့ဘူးပေါ့ အွန်လိုင်းမှာတော့ ပို့နေ၊ ပြုနေတယ်တော့ ကျွန်တော်တို့ တွေ့တယ်။ ကျွန်တော်တို့ဆီတော့ တိုက်ရိုက်ကြီး မပို့သေးဘူး။ ကော်ပီလို့ပြောထားပေမယ့် သူတို့ ကျွန်တော်တို့ဆီကို Press Council ကရော၊ ဒီ အစိုးရဌာန ကရော၊ သမ္မတရုံးကရော ကျွန်တော်တို့ဆီ တိုက်ရိုက်ပို့တာတော့ မရှိသေးဘူးခင်ဗျ” ဟု BBC မြန်မာပိုင်း၏ အကြီးအကဲ ကိုမင်းထက်က မဇ္ဈိမသို့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၆ နာရီခန့်က ပြောသည်။

 “ အဲဒါတော့ ကျွန်တော်တို့ ဒီ စောစောကပြောသလိုပဲပေါ့ခင်ဗျ။ သူတို့ Press Council ကို ပို့တယ်။ Press Council ကနေတဆင့် ဆက်သွယ်ပါဆိုလို့ ကျွန်တော်တို့ကလည်း Press Council ဘက်ကနေ ဆက်သွယ်မဲ့ အချိန်ကို စောင့်တယ်ပေါ့။ သူတို့ရော ဘာပြောစရာရှိမလဲပေါ့။ Prss Council က ဒီဟာနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားရှိလဲ။ ဒီဟာနဲ့ပတ်သက်လို့ ဘာလုပ်ဖို့ရှိလဲ။ အဲလိုဟာမျိုးရှိမှာပေါ့နော်။ ကျွန်တော်တို့ ကတော့ Individually တုံ့ပြန်ဖို့ထက်စာရင် အဖွဲ့အစည်းအနေနဲ့ ၊ ဘီဘီစီရဲ့ အဆင့်ဆင့်သော Department ကနေပဲ တုံ့ပြန်ဖို့ ရှိပါတယ်ခင်ဗျ။”ဟု ကိုမင်းထက်က ပြောသည်။

လက်ရှိတွင် ဘီဘီစီသို့ တရားဝင် ဆက်သွယ်ပြောဆိုခြင်း တစုံတရာမရှိသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly