မင်္ဂလာဒုံ NLD အမတ်တစ်ဦး ဒေသခံအများအပြားကို တရားစွဲ

မင်္ဂလာဒုံ NLD အမတ်တစ်ဦး ဒေသခံအများအပြားကို တရားစွဲ
 ၂၀၁၇ စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးနေသော ဒေါ်သန္တာမိုး (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမတ်တစ်ဦးသည် ၎င်း၏မဲဆန္ဒနယ်အတွင်းရှိ ပါတီဝင်တချို့ အပါအဝင်  ဒေသခံ ၁၇ ဦးကို အသရေဖျက်မှု အပါအဝင် အမှုနှစ်ခုဖြင့် တိုင်ကြားတရားစွဲဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် ၂  ကိုယ်စားလှယ် ဒေါ်သန္တာမိုးက  လေးထောင့်ကန်ကျေးရွာမှ ဒေသခံ ၁၅ ဦးကို  ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ထောက်ကြန့်နယ်မြေ ရဲစခန်းတွင်  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့်  အမှုဖွင့်ခဲ့သည်။

ထိုလအတွင်းမှာပင် အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားရုံးသို့ ဦးတိုက် စွဲဆိုရာလည်း ပထမအမှုမှ စွပ်စွဲခံရသူ အများအပြား ပါဝင်ခဲ့သည်။

လေးထောင့်ကန်ကျေးရွာမှ  တရားစွဲခံရသည့် ပါတီဝင် ၆ ဦးထဲတွင် ၅၇ နှစ် အရွယ် ဦးမြင့်ကျော်လည်း ပါဝင်သည်။

“ပုဒ်မ ၅၀၀ အမှုက ရုံးချိန်း ၆ ချိန်း ရှိပါပြီ။ အဲ့ဒီပုဒ်မ အမှုက အာမခံရတယ်။ ပုဒ်မ ၁၀ အမှုက …  လာမယ့် ၁၅ ရက်နေ့မှာ တရားရုံးကို ရုံးတင်ပြီး အာမခံ မပေးရင် ကျွန်တော်တို့ အချုပ်နဲ့ တရားရင်ဆိုင်ရမယ်လို့ (ရဲက) ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

၆၅ နှစ်အရွယ် ဒေါ်တင်တင်ဝင်းကလည်း ၎င်းတို့မဲပေး ရွေးချယ်လိုက်သည့် လူထုကိုယ်စားလှယ်က  ဖြစ်ရပ်တစ်ခုနှင့် ပတ်သက်ပြီး နှစ်ကြိမ် တိုင်ကြား တရားစွဲခြင်းကြောင့် ခံပြင်းမိသည်ဟု ပြောသည်။

ပထမအမှုကို  ပြန်လည် ရုတ်သိမ်းသွားမည်ဟု မျှော်လင့်နေချိန်တွင်  အာမခံ ရနိုင်ချေနည်းသည့် ပုဒ်မဖြင့် ထပ်မံ စွဲဆိုမှုကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

 “ကျွန်မတို့တစ်စုလုံးကို တရားစွဲတာ ဘာအကြောင်းအရာ ကြောင့်မှန်းကို မစဉ်းစားတတ်သေးဘူး။ ကျွန်မတို့က သူ့နောက်ကို လိုက်ပြီး ဓာတ်ပုံရိုက်နေတာလည်း မဟုတ်၊ သူ့မကောင်းကြောင်း ရပ်ကွက်အထဲ လှည့်လည် ပြောဆိုနေတာလည်း မဟုတ်။ ဖြစ်လာပြီဆိုတော့ … ကျွန်မတို့က ရင်ဆိုင်ရုံပဲရှိတယ်။ အမှန်တရား ပေါ်ပေါက်တဲ့အထိ ကျွန်မတို့ ရင်ဆိုင်သွားမယ်” ဟု ၎င်းက ဆိုသည်။

အမှုဖြစ်စဉ်

ရွှေဟိန်းထက်ကုမ္ပဏီနှင့် ဒေသခံတို့ကြား အငြင်းပွားနေသည့် မြေလွတ်မြေရိုင်း ၄ ဧက ကျော်နှင့် ပတ်သက်ပြီး ရပ်ကျေးအဆင့် မြေယာစိစစ်ရေး ကော်မတီက ကွင်းဆင်းစစ်ဆေးရာမှ အမှုများ စတင်ခဲ့သည်။

မြေယာစိစစ်ရေးကော်မတီတွင် ယခု တရားလို ဖြစ်နေသူ လွှတ်တော်အမတ်လည်း ပါဝင်သည်။ မြေယာ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဒေသခံတို့၏ တိုင်စာများတွင် လွှတ်တော်အမတ်နှင့် မိသားစုဝင်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများပါဝင်နေသည်ဟု လွှတ်တော်အမတ် ဒေါ်သန္တာမိုးက Myanmar Now သို့ ပြောသည်။

စွပ်စွဲမှုများတွင် သာကူးနိုင်ငံရေးသမား၊  မိုးကျရွှေကိုယ်များ ဖြစ်သည်၊ ပါတီဝင်ကြခြင်းမှာလည်း ရွှေဟိန်းထက်ကုမ္ပဏီက  စီစဉ်ညွှန်ကြားမှုကြောင့် ဖြစ်သည်ဟု ဟူသော အချက်များ ပါဝင်ကြောင်း လွှတ်တော်အမတ်က ပြောသည်။

“အခု ကျွန်မ တရားစွဲလိုက်တဲ့သူတွေက ကျွန်မနဲ့ ကျွန်မတို့ မိသားစုဝင်တွေကို သွားပုတ်လေလွှင့် တိုင်ကြားတဲ့အပြင်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာလည်း လိုက်နှောင့်ယှက်နေတာ ပြည်သူတိုင်း သိတယ်။ ဘာလုပ်လုပ် သူတို့က လှည့်ပတ်တိုင်နေကြတာပဲ။ ဒီလို ပြည်သူအများအကျိုးကို ဆောင်ရွက်လို့ မရအောင် လုပ်နေတဲ့ လက်တစ်ဆုပ်စာပြည်သူကို ကျွန်မက တရားစွဲဆိုရခြင်းဖြစ်တယ်” ဟု ဒေါ်သန္တာမိုးက ဆိုသည်။

တရားစွဲခံထားရသည့်သူ ၁၇ ဦးကို  ဒေါ်သန္တာမိုးအပြင် သူ၏အစ်ကိုဖြစ်သူ  ဦးအောင်ကျော်ဦးကလည်း အဆိုပါ ပုဒ်မများဖြင့်ပင် သီးခြား အမှုဖွင့် တရားစွဲဆိုထားသည်။

ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်၊ လုံခြုံမှုပုဒ်မ ၁ဝ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၆ လမှ ၃ နှစ် အထိ၊ ငွေဒဏ်  ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်။

ပုဒ်မ ၅၀၀ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။

ပါတီတွင်း အသံတချို့

ပါတီ ဌာနချုပ်မှ  ဦးဉာဏ်ဝင်း၊  ဒေါက်တာမျိုးညွန့်တို့ထံမှ မှတ်ချက် ရယူရန် ကြိုးစားသော်လည်း ၎င်းတို့နှင့် ဆက်သွယ်၍ မရသေးပေ။

ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး  ဦးထွန်းမြင့်က   ထိုအမှုများမှာ သင့်လျော်မှု မရှိကြောင်း ဒေါ်သန္တာမိုးကို  ပြောဆိုခဲ့ပြီး ဒေသခံတို့ကို မေတ္တာဖြင့်သာ ဆက်ဆံရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

 “ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ်မှာ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အလုပ်အမှုဆောင် အစည်းအဝေးမှာ ကျွန်တော်က ဒေါ်သန္တာမိုးကို အဲ့ဒီလို မေတ္တာရပ်ခံဖူးတယ်။ တရားဝင်စာနဲ့ ညွှန်ကြားချက်မျိုးတော့ မထုတ်ခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ပါတီ၏ မင်္ဂလာဒုံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညွှန့်မေသာက ထိုသို့ တရားစွဲဆိုခြင်းကို တားမြစ်၊ ပိတ်ပင်ပိုင်ခွင့် မရှိကြောင်း၊ ညှိနှိုင်းခြင်းဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း ပြောသည်။

ပါတီအထက်အဆင့်ထံမှ  တရားဝင် ညွှန်ကြား ဟန့်တားခြင်း မရှိဟု တရားလို လွှတ်တော်အမတ်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly