အစိုးရများသည် ပြည်သူလူထုမှ ယုံယုံကြည်ကြည် အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် အရေးကြီးဟု ဒေါ်စုဆို

By မျိုးထွန်းနိုင်
09 January 2019
အစိုးရများသည် ပြည်သူလူထုမှ ယုံယုံကြည်ကြည် အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် အရေးကြီးဟု ဒေါ်စုဆို
Photo-Myanmar State Counsellor Office

ရန်ကုန် ၊ ဇန်နဝါရီ ၉ ။                 ။ အစိုးရများသည် ပြည်သူလူထုမှ ယုံယုံကြည်ကြည် အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို  ကျေပွန် အောင်ထမ်းဆောင်ရန် အရေးကြီးကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကချင်ပြည်နယ် နောင်မွန်မြို့နယ် မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ်ရှိ (၃၃ မိုင် ၆ ဖာလုံ)လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒေသတစ်ခုဖွံ့ဖြိုးသွားပြီဆိုရင် အဝေးက ဒေသတွေကိုလည်း ပိုပြီးတော့ဖွံ့ဖြိုးပေးဖို့ ကျွန်မတို့မှာကူညီနိုင်တဲ့ အခွင့်အရေးတွေရှိသလို အခွင့်အရေးပေးဖို့လည်းတာဝန်ရှိတယ်လို့ ကျွန်မအနေနဲ့သဘောထားစေချင်ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများ အားလုံးဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ကာကွယ်ရမယ်။ စောင့်ရှောက် ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမယ်။ တစ်ဖက် သတ်ပဲကြည့်လို့ မရပါဘူး။ ထိုနည်း၎င်းပဲ အစိုးရများဆိုတာလည်း ပြည်သူလူထု ရဲ့အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့နည်းတူ ပြည်သူလူထုကနေပြီးတော့ ယုံယုံ ကြည်ကြည်နဲ့ ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်အောင်  ထမ်းဆောင်ဖို့ လည်း အရေးကြီးပါတယ်။ အဲဒီလိုစုပေါင်းပြီးတော့ တာဝန်သိစိတ်နဲ့လုပ်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်တွင် မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး (၆၅ မိုင် ၄ ဖာလုံ) လမ်းဖောက်လုပ်မှုအခြေအနေများ၊ နောင်မွန်၊ မချမ်းဘော့နှင့် ပူတာအို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 
“ဒီဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ ကျွန်မတို့ရဲ့တိုင်းရင်းသားများအားလုံး စိတ်ပိုင်း ဆို်င်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်ပါတယ်။ အားလုံးကို ကျွန်မတို့ ကတော့ တစ်စုတစ်စည်းတည်း တစ်ပြေးညီပဲ ဖြစ်ချင်ပါ တယ်။ နိုင်ငံတစ်နိုင်ငံမှာ အားလုံးတစ်ပြေးညီဖြစ်တယ်ဆိုတာဟာလည်း နိုင်ငံ့ရဲ့ဂုဏ်သိက္ခာပါပဲ။ နိုင်ငံ တစ်နိုင်ငံ မှာ ဆင်းရဲချမ်းသာသိပ်ပြီးတော့ ကွာဟမှုရှိတယ်ဆိုတာ နိုင်ငံအတွက် ကောင်းတာ မဟုတ်ပါဘူး။ ဒီလိုကွာဟ မှုတွေ ဆိုတာကလည်း ဒေသရဲ့လမ်းပန်းဆက် သွယ်ရေး အခက်အခဲနဲ့လည်းဆိုင်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုရှိတဲ့အခါ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေလုပ်ဖို့ဟာကလည်း ခက်ခဲလာပါတယ်။ ဒါကြောင့် ကျွန်မတို့လမ်း ဖောက်တဲ့အလုပ်ဟာ အင်မတန်မှမွန်မြတ်တဲ့အလုပ်လို့ ကျွန်မအနေနဲ့ ခံယူချင် ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသွားသည်။

ထို့အပြင် ယခုကဲ့သို့ လမ်းဖောက်လိုက်ခြင်းသည် နိုင်ငံတိုးတက်နိုင်မယ့်အခြေအနေကိုသွားနိုင်ရန်ဖြစ်ကြောင်း လမ်းဆိုသည်မှာ ဖောက်လိုက်ဖွင့်လိုက်သော်လည်း လမ်းကိုလျှောက်မှ အသုံးချမှသာလျှင် အသုံးချသူအတွက် တန်ဖိုးရှိမည်ဖြစ်ကြောင်း  လမ်းတစ်ခုကို ဖောက်ပေးသော်လည်း ဖောက်လုပ်ပေးသည့်လမ်းကို မသုံးဘဲ  ယခင်အတိုင်းသာ သွားလာနေထိုင်ပါက လမ်းဖောက်ရခြင်း၏ တန်ဖိုးများ ကျဆင်းလာမည်ဖြစ်သောကြောင့်  ယခုဖွင့်လှစ်လိုက်သော လမ်းသစ်ကြီးကို တန်ဖိုးရှိအောင် သုံးကြစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပမည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရန် ကချင်ပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly