၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို စတင်စာရင်းပြုစုသွားမည်

၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို စတင်စာရင်းပြုစုသွားမည်
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဇန်နဝါရီ ၉ ။             ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး စာရင်းပြုစုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်ရှိ ဂရန်းအမရာဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းကို သင်ကြားပေးမယ့် သင်တန်းအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

“ မဲစာရင်း ပြုစုရေးလုပ်ငန်းကို ၂၀၁၉ ဇန်နဝါရီလကနေပြီးတော့ စတင်ဆောင်ရွက်မှာဖြစ်တဲ့အတွက် ၂၀၁၉ ကို ကျွန်တော်တို့ကတော့ မဲစာရင်းပြုစုရေးဆိုင်ရာနှစ်လို့တောင် ကျွန်တော်တို့ အလေးအနက်ထားပြီး သတ်မှတ်ထားပါတယ်။ ဘာလို့ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှိပြီးသားဟာတွေကို ကျွန်တော်တို့ ခြောက်လလောက် ကြိုတင်ဆောင်ရွက်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီတစ်နှစ်လုံးကို မဲစာရင်းကိုပဲ ဇောက်ချပြီးလုပ်မှာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါသင်တန်းကို သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ဖြစ် ပေါ်ခဲ့သည့် အားနည်းချက်များကို လေ့လာသုံးသပ်ပြင်ဆင်ပြီး ထိုကဲ့သို့ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးပြည်နယ၊် နေပြည်တော်ကောင်စီတို့မှ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ သည်အဆိုပါ သင်တန်း ပြီးဆုံးပါက မိမိတို့၏ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဆင့်ပွားသင်တန်းများကို ထပ်မံသင်ကြားပေးသွားမည် ဖြစ်သည်။

မဲစာရင်းပြုစုရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ လူဦးရေစာရင်းများကို ရယူသွားမည်ဖြစ်ပြီး ၄င်းစာရင်းများကို မှတ်ပုံတင်နံပါတ်၊ နိုင်ငံသား၊ အသက်အရွယ်တို့ကို မှန်ကန်မှုရှိအောင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ စိစစ်၍ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြရမည်ဖြစ်ကာ ၄င်းစာရင်းများအပေါ် အခြေခံကာ မဲစာရင်းပြုစုရကြောင်း သိရသည်။

 “မဲစာရင်းပြုစုပြီးတဲ့အခါလည်း ကျွန်တေ်ာတို့က ပဏာမ မဲစာရင်းပြုစုပြီးတဲ့အခါမှာ ကျွန်တေ်ာတို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးကော်မရှင်ရုံးတွေမှာ ကျွန်တေ်ာတို့ မဲစာရင်းကို အပြည့်အစုံ ကပ်ပါတယ်။ ကပ်တဲ့အခါမှာ ပြည်သူတွေနဲ့ လာကြည့်ဖို့လိုပါတယ်။ ဘာကိုကြည့်ရမလဲဆိုရင် ကိုယ့်မဲစာရင်း ပါလား၊ မပါဘူးလားဆိုတာ ကြည့်ဖို့လိုပါတယ်။ မပါဘူးဆိုရင် ပုံစံ(၃)ကို အခြေခံပြီးတော့ ကိုယ့်မဲစာရင်း ပြန်လည်ထည့်သွင်းပေးဖို့ ကျွန်တေ်ာတို့ တောင်းဆိုဖို့ လိုပါတယ်။ အဲ့လိုတောင်းဆိုတဲ့ အခါကျရင် အဲ့ပုံစံကို ကျွန်တေ်ာတို့ အခြေခံထားပြီးတော့ မဲစာရင်းကို မှန်ကန်မှုရှိတဲ့ထိ စစ်ဆေးပြီးတော့ ဖြည့်စွက်ပေးမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလို လုပ်ငန်းမှာ မဲစာရင်းမပါဘူး မဖြစ်အောင် ကျွန်တေ်ာတို့ဘက်ကလည်း မှန်ကန်ဖို့ လိုတယ်။ မဲဆန္ဒရှင်တွေကလည်း လာရောက်ကြည့်ရှုပြီးတော့ မပါရင် တောင်းဆိုဖို့လ ိုပါတယ်။ နှစ်ဦးနှစ်ဖက်ဆောင်ရွက်မှ ဒါ ပြည့်စုံတဲ့ မဲစာရင်းက ဖြစ်လာမှာ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျရောက်ရန်် စသည့် စံ ၅ ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required