“AA ကို ရခိုင်လူမျိုးတွေထောက်ခံမှု တော်တော်ကြီးနေပြီ”

By အောင်ငြိမ်းချမ်း(Myanmar Now)
09 January 2019
“AA ကို ရခိုင်လူမျိုးတွေထောက်ခံမှု တော်တော်ကြီးနေပြီ”
ကိုအောင်နေမွန်း (ဓာတ်ပုံ - Aung Nay Mong facebook)

၂၀၀၉ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေထဲမှာ လူဦးရေ ၂၀ ကျော်နဲ့ စတင်တည်ထောင်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာ အင်အားထောင်နဲ့ချီ တိုးပွားလာခဲ့ပြီး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ခြေကုပ်ယူနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ကျန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို AA က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် ကျဆုံးခဲ့ပါတယ်။ AA ရဲ့တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အစိုးရက သတ်မှတ်ပြီး အင်အားသုံးချေမှုန်းသွားမယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သမ္မတရုံးရဲ့ ပုံမှန်အစည်းအဝေးမှာ ပြောကြားလိုက်ပြီး ရခိုင်တိုင်းရင်းသားတွေကိုလည်း AA ကိုထောက်ခံတာ ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပါတယ်။

AA အပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်ဘယ်လိုရှိလဲ၊ ဘယ်လောက်ထောက်ခံလည်းဆိုတာကို ရခိုင်တိုင်းရင်းသား အလွတ်တန်း လူမှုရေးသိပ္ပံသုတေသီတစ်ဦးဖြစ်သည့် ကိုအောင်နေမွန်းက Myanmar Now ကိုပြောပြထားပါတယ်။ အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းဇာတိ ကိုအောင်နေမွန်းဟာ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စု Syracuse University, Maxwell School ကနေပြီး ပြည်သူ့အုပ်ချုပ်ရေးဘာသာရပ်နဲ့ မဟာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

မေး။       ။ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရ ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော်AA ကို ရခိုင်တွေမထောက်ခံဖို့ ပြောသွားတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။       ။ ကျွန်တော့်သဘောနဲ့ ပြောရမယ်ဆိုရင် အဲဒီလိုပြောတာက ကြံရာမရလို့ လျှောက်ပြောနေတယ်လို့ ပြောရမယ်။ လူတွေရဲ့ စိတ်ခံစားချက်အရ ထောက်ခံတယ်မထောက်ခံဘူး ကြိုက်တယ်မကြိုက်ဘူး မုန်းတယ်မမုန်းဘူးဆိုတဲ့ဟာမှာ သူက ရာဇသံပေးသလို ပြောတာကတော့ လက်ခံလို့မရဘူး။ တခြားသူတွေကို ခင်ဗျားတို့ ဒီလိုမခံစားနဲ့ ဒီလိုခံစားဆိုပြီးပြောတာကတော့ အဓိပ္ပါယ်မရှိဘူးလို့မြင်တယ်။

မေး။      ။ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေက AA အပေါ်မှာ အပြည့်အဝထောက်ခံနေကြသလား။

ဖြေ။      ။ အပြည့်အဝဆိုတာကတော့ ဘယ်နေရာမှာမှမရှိဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်မှ ပြည်သူတွေက အပြည့်အဝထောက်ခံကြတာမှမဟုတ်ဘဲ။ စစ်တပ်နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းတွေ၊ ကိုယ့်တူ ကိုယ့်သားတွေ တပ်ထဲရောက်နေတဲ့အခါမျိုးတွေမှာ ရခိုင်လူမျိုးတွေက AA ကို မထောက်ခံတာတွေလည်းရှိတာပေါ့။ သူတို့မထောက်ခံဘူးဆိုတာကလည်း မထောက်ခံချင်လို့ဆိုတာထက် အန္တရာယ်ဖြစ်မှာဆိုးလို့ မထောက်ခံချင်တာလည်းပါမယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားအားလုံးအနေနဲ့ ခြုံကြည့်ရင်တော့ ထောက်ခံတဲ့ ထောက်ခံမှုကြီးကတော့ တော်တော်ကိုကြီးတယ်လို့ ပြောရမယ်။ ကျွန်တော် ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ရော ရခိုင်အသိုင်းအဝိုင်းမှာ ရှိနေတဲ့အခါ ကြားရသိရမြင်ရ ခံစားချက်တွေကို ပြောကြဆိုကြတာတွေကို ထိတွေ့ရသလောက်ဆိုရင်တော့ AA ကို ရခိုင်လူမျိုးတွေ ထောက်ခံမှု တော်တော်ကြီးနေပြီ။ အကုန်လုံးလို့တော့ မပြောချင်ဘူး တော်တော်ကြီးတယ်လို့တော့ ပြောချင်တယ်။

မေး။      ။ AA ကလည်း ရခိုင်မြောက်ပိုင်းမှာ အခြေချဖို့ ကြိုးစားနေပြီဆိုတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရခိုင်လူငယ်တွေကြားမှာ ဘာတွေပြောဆိုနေကြလဲ။

ဖြေ။      ။ AA ကိုတည်ထောင်တဲ့သူတွေကလည်း လူငယ်တွေဆိုတော့ ရခိုင်လူငယ်တွေရဲ့ အသည်းနှလုံးကို ဆွဲလှုပ်နိုင်တယ်ပေါ့။ ရင်ခုန်စေတယ်ပေါ့ဗျာ။ ရခိုင်တွေ စတင်တော်လှန်တဲ့အချိန်ကစရင် အခုအချိန်လောက်အထိ တစ်ခါမှ အင်အားမတောင့်တင်းခဲ့ဘူး။ အခု အဲဒီလောက်အထိ လုပ်ပြနိုင်ခဲ့တယ်

ဆိုတော့ ပြည်သူတွေက အားကိုးလာတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ခေတ်စနစ်အရပေါ့ ရခိုင်တွေ ယူဆတာက ရခိုင်ပြည်နယ်ကို တမင်တကာ ကစားကွက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပြီးတော့မှ လုပ်ဆောင်တဲ့ အခါကျတော့ ဖွံ့ဖြိုးမှုတွေနိမ့်ကျတယ်၊ ဆင်းရဲတယ်၊ ပညာတွေမတတ်ကြဘူး၊ အခွင့်အလမ်းမရဘူး၊ စီးပွားရေးမရှိဘူးဆိုပြီး ခါးခါးသီးသီး ခံစားနေရတယ်။ နောက်တစ်ခုက မွတ်ဆလင်တွေနဲ့ ပြဿနာတွေ ရှိတဲ့အခါကျတော့ ရခိုင်တွေက ထွက်ပေါက်တစ်ခုလိုလာတယ်။ တစ်ခုခုလုပ်မှရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့၊ ဒီလိုပုံစံနဲ့ သွားလို့မရတော့ဘူးဆိုတဲ့ဟာမျိုးမှာ AA ကနေပြီးတော့ မျှော်လင့်ချက်ပေးနိုင်တယ်ဆိုတဲ့ အဖွဲ့အစည်းဖြစ်လာတယ်ပေါ့ဗျာ။ ဖြစ်လာလို့ ဒါဟာ ထွက်ပေါက်ပဲဆိုတဲ့ သဘောမျိုးနဲ့ ထောက်ခံကျတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ AA ကလုပ်ပြနိုင်လာတယ် လုပ်ပြနိုင်တယ်ဆိုတာ အင်အားတောင့်တင်းလာတာပေါ့၊ အဲဒါမျိုးတွေရှိတယ်။ နောက်ပြီးတော့ လူငယ်၊ လူရွယ်တွေတည်ထောင်တဲ့ လက်နက်ကိုင်တပ်မတော် တစ်ခုဖြစ်တယ်။ ပြည်သူတွေ အရမ်းကြီးကို ခံစားနေရပြီးတော့ ပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ နေရာမှာ အလင်းရောင်တစ်ခုပေးတယ်၊ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုအဖြစ်မျှော်လင့်ချက်ပုံစံမျိုး ဖြစ်လာတဲ့ အခါကျတော့ အဲဒီအပေါ်မှာ အရမ်းကို စိတ်ရောကိုယ်ရောထက်သန်ပြီးတော့မှ ထောက်ခံကြတယ်လို့ မြင်တယ်။

မေး။      ။ AA ကို ရခိုင်လူငယ်တွေက အဓိက ထောက်ခံနေတယ်လို့ဆိုလိုတာလား။

ဖြေ။      ။ ဖေ့ဘွတ်ကိုပဲ ကြည့်လိုက်ပေါ့။ ကျွန်တော့်အကောင့် (account) ထဲမှာ ရခိုင်တွေ ထောင်နဲ့ချီပြီးတော့ရှိတယ်။ တစ်နေ့တစ်နေ့ မြင်နေရတာက ပေါ်ပေါ်ထင်ထင်ကို ထောက်ခံလာကြတာတွေက အများကြီးမြင်ရတယ်။ လူရွယ်တွေ၊ လူငယ်တွေ လူလတ်ပိုင်းတွေပေါ့။ လူကြီးပိုင်းတွေက အရမ်းကြီးပေါ်ပေါ်ထင်ထင် ထောက်ခံကြတာတော့ သိပ်မတွေ့ရဘူး။ သူတို့က တစ်ခုခုကို စိုးရိမ်လို့အရမ်းကြီးမပြောတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူငယ်တွေ လူရွယ်တွေကြားထဲမှာတော့ တော်တော်လေးကို တွေ့ရတယ်။

မေး။      ။ AA က အချိန်တိုအတွင်း အင်အားကောင်းလာတာက မူးယစ်ဆေးကရတဲ့ငွေကြောင့်ဖြစ်ပြီး ARSA အဖွဲ့နဲ့လည်း ပူးပေါင်းမှုတွေရှိနေတယ်ဆိုပြီး အစိုးရက စွပ်စွဲထားတယ် ဒီအပေါ်မှာရော ရခိုင်ပြည်သူတွေ ဘယ်လိုသဘောထားရှိလဲ။

ဖြေ။      ။ ကျွန်တော်ကတော့ မူးယစ်ဆေးဝါးလုပ်တယ်ဆိုတဲ့အပေါ်မှာရော ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝင်ငွေဘယ်ကရလဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် သူတို့တွေ(AA) အဲဒီလိုလုပ်မလား၊ မလုပ်ဘူးလားဆိုတာကို ကျွန်တော် မှတ်ချက်သိပ်မပေးချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောပါဆိုရင်တော့ ကျွန်တော်အဲဒီလိုမယုံကြည်ဘူးဗျ။ တခြား ရင်းမြစ်တွေလည်း သူတို့မှာ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်အထင်ကိုပြောတာ။ ARSA နဲ့ အဆက်အသွယ်ရှိတယ် ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာကို ကျွန်တော်မယုံကြည်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ AA က သံရေးတမန်ရေးကောင်းတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်ဖြစ်တဲ့အထဲမှာလည်း ဂျနီဗာကွန်ဗန်းရှင်းလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွန်းတွေချမှတ်ထားတာကို လိုက်နာဖို့အတွက် အတတ်နိုင်ဆုံး လိုက်နာဖို့ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ AA အနေနဲ့ ပြည်သူတွေကို နှိပ်စက်တာ ရွာတွေကို ဝင်ပြီးတော့ မီးရှို့သွားတာမလုပ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။ လက်နက်ကိုင်က လက်နက်ကိုင်ကိုတိုက်တဲ့အတွက်ကြောင့်မို့လို့ ARSA လိုမျိုး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုခု လှုပ်ရှားနိုင်ဖို့ဆိုတာက အဲဒီနိုင်ငံအစိုးရ ဒါမှမဟုတ် တစ်ခုခုနဲ့ သဘောတူညီမှုရှိရင်ရှိမှာပေါ့။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

မေး။      ။ AA က လူငယ်တွေအတွက် ပညာရေးတွေကစ ထောက်ပံ့ပေးနေတယ်လို့သိရတယ်။ အဲဒီအချက်တွေကြောင့်ပဲ ထောက်ခံကြတာလား။

ဖြေ။      ။ ကျွန်တော်ထင်တာကတော့ အကျိုးခံစားခွင့်ရှိလို့ ထောက်ခံတာမျိုးမဟုတ်ဘူးဗျ။ နောက်ပြီးတော့ Arakan Dream ဆိုပြီးတော့ ရက္ခိတ လမ်းစဉ်လိုမျိုးချထားတာရှိတယ်။ အဲဒီလမ်းစဉ်တွေက ရေလတ် (ကာလလတ်) စံမျိုးချထားပြီးတော့ ပန်းတိုင်တစ်ခုကို သွားနေတာမျိုး ပြည်သူတွေက မြင်တဲ့အခါမှာ ပိုပြီးတော့မှ ထောက်ခံရတာ အဆင်ပြေတယ်။ ဒီအဖွဲ့ဟာ ဘယ်ကိုသွားလို့သွားနေမှန်း မသိတဲ့ဟာမျိုး ဆိုရင်တော့ ထောက်ခံမှုရချင်မှရမယ်။ AA မှာက ဒီလိုချမှတ်ထားတာရှိတော့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးရင်တောင်မှ ဒီပန်းတိုင်ကို သွားနေပါလားဆိုတာက လူတွေအတွက် ပိုပြီးတော့ အားရပါးရရှိတယ်။ ကျွန်တော်ကတော့ အဲဒီလိုထင်တယ်။ AA ကထောက်ပံ့ထားတာမို့လို့ အကျိုးခံစားခွင့်ရှိတဲ့ အသိုင်းအဝိုင်းတွေက ထောက်ခံကြတယ်လို့တော့ ကျွန်တော်မထင်ဘူး။

မေး။      ။ ၂၀၂၀ ရောက်ရင် ရက္ခိုင့်ကံကြမ္မာကို ရခိုင်တွေ ဖန်တီးနိုင်ရမယ်လို့ဆိုတဲ့ AA ရဲ့ ကြွေးကြော်ချက် Arakan Dream ၂၀၂၀ ဆိုတာကလည်းရှိတယ်။ ဆိုတော့ လာမယ့်နှစ်ပိုင်း ၂၀၂၀ ရောက်တော့မယ်ဆိုတော့ AA နဲ့ပတ်သက်ပြီး ရခိုင်တွေကြားမှာ ထောက်ခံမှုတွေ ပိုတိုးလာနိုင်လား။

ဖြေ။      ။ တိုးလာနိုင်တယ်။ ဘာလို့လည်း ဆိုတော့ ဦးဇော်ဌေး ပြောလိုက်တဲ့စကားဆိုရင် AA ကိုထောက်ခံတဲ့  ရခိုင်ပြည်သူတွေ တော်တော်များများက ဒါဟာ စော်ကားလိုက်တယ်လို့ကျွန်တော်မြင်တယ်။ ဘာလို့လည်းဆိုရင် ဘယ်တုန်းကမှ ဖွံ့ဖြိုးရေးလည်းမလုပ်ခဲ့ဘူး။ အမှန်တကယ် ဦးစားပေးပြီးတော့ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်မယ့်အထဲမှာ မထည့်ထားဘဲနဲ့ ဒီလိုမလုပ်ပါနဲ့၊ ဒီလိုလုပ်ရင် မင်းတို့ ဖွံ့ဖြိုးရေး နောက်ကျကျန်ခဲ့မှာကို စဉ်းစားပါ ဆိုတာက တော်တော်ရယ်စရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ အမှန်တကယ် အင်နဲ့အားနဲ့ ဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့ကြားထဲကမှ AA နဲ့ဖြစ်တာမဟုတ်ဘူးလေ။ ဖွံ့ဖြိုးရေးအနည်းဆုံးပြည်နယ်ကိုမှ အခုမှ AA နဲ့ပြဿနာ ဖြစ်လို့ ဖွံ့ဖြိုးရေးနောက်ကျရတယ်ဆိုတာက ဒါအဆင်မပြေဘူး။ အဲဒီစကားဟာ ရခိုင်လူမျိုးတွေကို စော်ကားတယ်လို့ ခံစားရတယ်။ ၂၀၂၀ မှာလည်း ထောက်ခံမှုတွေ ပိုများလာနိုင်တယ်။ မထောက်ခံဖို့တားတာက ထောက်ခံဖို့အတွက် တွန်းပို့လိုက်သလိုမျိုးလို့ မြင်ကြတယ်။ ရခိုင်ပြည်သူတွေကို အဲဒီဘက်ရောက်အောင် ပိုပြီးတော့ တွန်းပို့လိုက်သလိုမျိုးဖြစ်နေတယ်။

မေး။      ။ AA အပေါ်ကို ရခိုင်စစ်ဘေးရှောင်တွေကရော ဘယ်လိုမြင်မလဲ။

ဖြေ။      ။ စစ်ဘေးရှောင်တွေကတော့ အဓိကခံစားရတာပေါ့။ သူတို့ကတော့ နှစ်ပိုင်းရှိမယ် AA ကြောင့်ဖြစ်ရတယ်ဆိုတာထက် စစ်ပွဲကြောင့် ဒုက္ခရောက်ရတယ်ဆိုတာမျိုးဖြစ်နိုင်တယ်။ အမှန်ပြောရရင် စစ်ပွဲတော့ ကျွန်တော်လည်း မထောက်ခံဘူး။ ရခိုင်တွေကို အမှန်တကယ် လူလိုသူလိုသတ်မှတ်ပြီးတော့မှ ဒီလူတွေနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှ လူရာမသွင်းခဲ့တဲ့ အနှိမ်ခံလူမျိုးကနေပြီးတော့ အားနာလာတဲ့ လူမျိုးတစ်မျိုးဖြစ်အောင် ကြိုးစားနေတဲ့အခါကျတော့ တချို့တွေလည်း နားလည်မယ် တချို့တွေကျတော့လည်း အစိုးရက စစ်ဘေးရှောင်တွေကို လာကြည့်တဲ့အခါမှာ သူတို့(စစ်ရှောင်တွေ) အနေနဲ့ပြောချင်တာကို ပြောကြမှာပဲ။ သူတို့စိတ်ခံစားချက်မှာ ရှိတာကတော့ သူတို့ပဲအသိဆုံးဖြစ်လိမ့်မယ်။ ကွဲပြားမှုတော့ တော်တော်ရှိလိမ့်မယ်။

မေး။       ။ AA ကို ကိုအောင်နေမွန်းကရော ထောက်ခံလား။

ဖြေ။       ။ ပုဂ္ဂိုလ်ရေးအရတော့ ထောက်ခံပါတယ်။ ဒါပေမဲ့ စစ်ပွဲကိုတော့ ကျွန်တော်သိပ်မကြိုက်ဘူး။ အင်အားချိန်ခွင်လျှာညှိဖို့အတွက် စစ်တပ်တစ်ခုခု ရှိနေတာကတော့ ရခိုင်ပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့အရာလို့ ကျွန်တော်မြင်တယ်။

မေး။      ။ ဦးဇော်ဌေးပြောကြားချက်အရ AA ကို အင်အားသုံးနှိမ်နင်းသွားမယ်ဆိုတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာရင် အများဆုံးထိခိုက်မှာက ပြည်သူတွေပဲ အဲဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။      ။ အဓိကကတော့ စစ်ပွဲသံသရာလည်သွားမယ်ဆိုတာထက် ရခိုင်ပြည်ကတော့ ပဋိပက္ခသံသရာမှာ လည်နေတာ တော်တော်ကြာခဲ့ပြီ။ ပဋိပက္ခသံသရာ၊ လူမျိုးရေးသံသရာ၊ နိုင်ငံရေးသံသရာနဲ့ ဆင်းရဲမွဲတေမှုသံသရာတွေကြားမှာ ကျင်လည်ခဲ့တာ တော်တော်ကြာပြီ။ အဲဒီလိုမျိုးဖြစ်ခဲ့တဲ့ ပြဿနာတိုင်းဟာ ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ယူဆောင်လာတဲ့ ပြဿနာတော့တစ်ခုမှမရှိဘူး။ အခုကတော့ ခြေကုပ်ယူလို့ရတယ်ဆိုတာ ရခိုင်ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးတဲ့ ပြဿနာလို့မြင်တယ်။ ပြဿနာတွေကတော့ ရှိလိမ့်မယ်။ ကျွန်တော်အနေနဲ့ကတော့ စစ်ကိုမဖြစ်စေချင်ဘူး။ မထောက်ခံဘူး။ မနှစ်တုန်းကဆိုရင် AA နဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုး ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း အပစ်ခံလိုက်ရတယ်။ လက်ဖြောင့်တပ်သား လက်ချက်မိသွားတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင်ကလည်း ကျွန်တော် စစ်ပွဲကိုမထောက်ခံပါဘူး။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ မဟုတ်ဘဲနဲ့ ရခိုင်ပြည်သူတွေရဲ့ အကြည့်နဲ့ ကြည့်မယ်ဆိုရင် ဒီပြဿနာက မျှော်လင့်ချက်ကို ယူဆောင်လာပေးတဲ့ ပြဿနာဆိုပြီးတော့မှ မြင်နေကြတယ်။

မေး။      ။ AA ကို ပြည်တွင်းပြည်ပက ရခိုင်တိုင်းရင်းသားတွေလည်း ထောက်ပံ့နေတယ်လို့ ပြောကြတယ် အဲဒါရောဖြစ်နိုင်လား။

ဖြေ။      ။ ကြားရတာက ပြည်ပကိုရောက်နေတဲ့ ရခိုင်လူငယ်တွေထောက်ပံ့ကြတယ်ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုး ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေရတယ်ဆိုတာကြားဖူးတယ်။ ပြည်တွင်းမှာတော့ အရမ်းကြီး ပေါ်ပေါ်တင်တင် ထောက်ပံ့ကြတာမျိုး မတွေ့မိဘူး။

မေး။      ။ AA အပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုက ရှေ့ဆက်ပိုတိုးလာဖို့ရှိလား။

ဖြေ။      ။ ထောက်ခံမှုက ဆက်တိုးလာဖို့ပဲရှိတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ကို စိန်ခေါ်ပြီးတော့၊ ပြန်လည်ခုခံပြီးတော့ ရင်ဘောင်တန်းပြီးတော့ တိုက်နိုင်တဲ့ ဒီလောက်အင်အားကြီးတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ အရင်တုန်းက ရှိမှမရှိခဲ့ဘူးလေ။ မရှိခဲ့တဲ့အတွက် ဆင်းရဲမှုသံသရာ၊ ဖွံ့ဖြိုးရေးနောက်ကျမှုသံသရာ၊ ပညာမတတ်မှုသံသရာတွေထဲ ဝဲလည်နေခဲ့တဲ့ ရခိုင်ပြည်နယ်အတွက် အခုမှ မျှော်လင့်ချက်လေးကို မြင်လိုက်ရတဲ့အတွက် ထောက်ခံမှုတွေပိုပြီးတော့မှ များလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly