ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး မိန့်ခွန်းပြောနေစဉ် ၂ နှစ်အရွယ် သားဖြစ်သူက စင်ပေါ်တက် နှောင့်ယှက်

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး မိန့်ခွန်းပြောနေစဉ် ၂ နှစ်အရွယ် သားဖြစ်သူက စင်ပေါ်တက် နှောင့်ယှက်

ဇန်နဝါရီ ၉ ။                 ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ် စင်မြင့်ထက်မှာ ၎င်းရဲ့ ရာထူးစတင်လက်ခံတဲ့ မိန့်ခွန်းကို ပြောကြားနေစဉ်မှာပဲ ၎င်းရဲ့ ၂ နှစ်အရွယ် သားငယ်လေးက စင်ပေါ်တက်လာခဲ့လို့ ကသိကအောက် ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်ဟာ မိန့်ခွန်းတစ်ရပ်ကို ပရိသတ်ရှေ့မှောက် အားရပါးရ ပြောကြားနေလျက်ရှိစဉ်မှာပဲ သားဖြစ်သူ ဒက်ချ် ရုတ်တရက် စင်မြင့်ပေါ် ရောက်လာခဲ့တာဖြစ်ပါတယ်။

ကလေးငယ် ဒက်ချ်ရဲ့ လုပ်ရပ်က စင်မြင့်အောက်က ပရိသတ်တွေရဲ့ အာရုံကိုပါ ဖမ်းစားနိုင်ခဲ့ပြီး ရယ်ရွှင်ဖွယ် ကသိကအောက် ဖြစ်ခဲ့ရပါတယ်။

ဂေဗင်က သားဖြစ်သူကို ပွေ့ချီ နုတ်ဆက်ပြီးနောက် မိန့်ခွန်းကို ဆက်ပြောနေခဲ့ပါတယ်။

ယင်းအချိန်မှာ ဒက်ချ်ကတော့ စင်ပေါ်မှာ လျှောက်သွားနေခဲ့ပါတယ်။

ယင်းနောက် အုပ်ချုပ်ရေးမှူး ဂေဗင်ရဲ့ ဇနီးဖြစ်တဲ့ ဂျနီဖာ စီဘယ်လ်က ဒက်ချ်ကို စင်အောက်ကို ခေါ်ဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ပရိသတ်တွေ ပွဲကျခဲ့ပါသေးတယ်။ ဒက်ချ်ရဲ့ အကိုဖြစ်သူ ဟန်တာကလည်း သူ့ကို စင်အောက်ကို ခေါ်ဖို့ လုပ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ယင်းနောက်ပိုင်းကျမှ မိခင်ဖြစ်သူ ဂျနီဖာက ဒက်ချ်ကို ခေါ်ပြီး အပြင်ထုတ်လို့ ရသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly