သြစတြေးလျ၊ ဗီယက်နမ်တို့ ပါဝင်နေသော်လည်း အုပ်စုတက်ရန် ဖူဆယ်ဘောလုံး အသင်းနည်းပြ မျှော်မှန်း

သြစတြေးလျ၊ ဗီယက်နမ်တို့ ပါဝင်နေသော်လည်း အုပ်စုတက်ရန် ဖူဆယ်ဘောလုံး အသင်းနည်းပြ မျှော်မှန်း
လေ့ကျင့်ရေးကွင်းမှ အမျိုးသား ဖူဆယ် ဘောလုံးအသင်း။ ဓာတ်ပုံ - သောကြာ

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်ဘောလုံး အသင်းသည် ၂၀၁၅ ခုနှစ် အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)တွင် သြစတြေးလျ၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသော်လည်း အုပ်စုအဆင့်မှ တက်ရောက်နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာ့လက်ရွေး စင် ဖူဆယ်အသင်းနည်းပြ ဆာအိက မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာအမျိုးသား ဖူဆယ် ဘောလုံးအသင်းသည် ထိုင်းနိုင်ငံသို့ ကြိုတင် ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေပြီ ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(ခ)တွင် သြစတြေးလျ၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင် အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုအဆင့်မှ လွတ်မြောက်နိုင် ရန် သြစတြေးလျအသင်း၊ ဗီယက်နမ်အသင်းတို့နှင့် တွေ့ဆုံသည့် ပွဲစဉ်က အဖြေဖြစ်မည် ဖြစ်သည်။

“ သြစတြေးလျအသင်းက ၂၀၂၀ ကမ္ဘာ့ဖလားအတွက် ပါဝင်ခွင့်ရထားတဲ့ အင်အားကြီး အသင်းပါ။ သူတို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက အရမ်းကောင်းတယ်။ ကျွန်တော် ထင်ပါတယ်။ သြစတြေးလျ အသင်းကတော့ အကောင်းဆုံး အခွင့်အရေး ရှိနေပါတယ်။ နောက်ပြီး ဗီယက်နမ်။ ပြီးခဲ့တဲ့ တစ်လက ဗီယက်နမ်အသင်း အီရန်ကို လာခဲ့တယ်။ သူတို့အသင်းကို မြင်ခဲ့ရပါတယ်။ ဗီယက်နမ်ကော သြစတြေးလျကော အရမ်းကောင်းတဲ့ အသင်းတွေပါ။ မြန်မာအသင်းကတော့ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ သိပ်မကွာသေးပါဘူး။ အကောင်းဆုံး ကြိုးစားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ပစ်မှတ်က ဆီမီးတက်နိုင်တဲ့ အသင်းလေးသင်းထဲ ပါဖို့ပါပဲ” ဟု လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းနည်းပြ ဆာအိက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ် အာဆီယံဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင်ထိုင်း၊ မလေးရှား၊ တီမော၊ အင်ဒိုနီးရှား၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း ကစားမည့် အုပ်စု(ခ) ပွဲစဉ်များ မှာအောက်တိုဘာ ၈ ရက်တွင် စတင်ကစားမည် ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်တွင် အုပ်စုအဆင့် ပွဲစဉ်များ ပြီးဆုံးမည် ဖြစ်သည်။

အာဆီယံဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင် မည့် အသင်းလေးသင်းမှာ ၂၀၁၆ ခုနှစ် ဥဇဘက်ကစ္စတန် နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၆ အာရှဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ကစားခွင့် ရမည်ဖြစ်သည်။

လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် တတိယတစ်ကြိမ် ရရှိထားဖူးပြီး ကျန်ရှိသည့် နှစ်များတွင် အုပ်စုအ ဆင့်ဖြင့် သာကျေနပ်ခဲ့ရသည်။

အာဆီယံဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ သမိုင်းတွင် ကမ္ဘာ့အဆင့်ရှိသော ထိုင်းနိုင်ငံက ၁၀ ကြိမ်ထိ အများဆုံး ဗိုလ်စွဲထားပြီး အင်ဒိုနီးရှားအသင်းက ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ် ဗိုလ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly