ဆိုင်ကယ် ၁၉ စီး ခိုးယူခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး၊ ပိုင်ရှင်များ ရဲတပ်ဖွဲ့တွင် လာရောက်စုံစမ်းနိုင်

ဆိုင်ကယ် ၁၉ စီး ခိုးယူခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး၊ ပိုင်ရှင်များ ရဲတပ်ဖွဲ့တွင် လာရောက်စုံစမ်းနိုင်
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီလ ၉ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၃ မြို့နယ်အတွင်း ဆိုင်ကယ် ၁၉ စီး ခိုးယူမှုအား ဖော်ထုတ်နိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းတွင် လာရောက်စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဆိုင်ကယ်များအား ခိုးယူခဲ့သူများမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်တွင် နေထိုင်ကြသော အသက် ၂၆ နှစ်အရွယ် အောင်ကိုဦး(ခ) ဗိုက်ပေါက်၊ အသက် ၂၃ နှစ်အရွယ် တင်အောင်ဝင်း(ခ)ဒိုးလေးနှင့် ရေတွင်းချောင် (၂၃)ရပ်ကွက်တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် ရဲသူ တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယင်း ၃ ဦးမှာ ယခင်က ပြစ်ချက်ဟောင်းများရှိခဲ့ပြီး ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းအရ ဇန်နဝါရီလ ၃ ရက်နေ့တွင် ၎င်းတို့နေအိမ်များ၌ ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာမှ ဆိုင်ကယ် ၁၉ စီးထိခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းတို့အား ဖမ်းဆီးစဉ်က အောင်ကိုဦး၏ နေအိမ်တွင် တွေ့ရှိခဲ့သည့် ZHINENG အမျိုးအစား ဆိုင်ကယ် ၁ စီးနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ၎င်းတို့ ၃ ဦးမှာ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်စျေးအနီး၊ ယုဇနဥယျာဉ် မြို့တော်တိုက်ခန်းရှေ့၌ ရပ်ထားသည့် ဆိုင်ကယ် ကို ဆော့ကတ်ဖြုတ် မောင်းနှင် ခိုးယူခဲ့ကြောင်းသိရသည်။

ထပ်မံ၍ အသေးစိတ်စစ်ဆေးခဲ့ရာ ၂ဝ၁၈ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်အတွင်း လမ်းဘေးတွင် ရပ်ထားသည့် JLM 110 ဆိုင်ကယ် ၁ စီး၊ ရပ်ကွက်လမ်းဆုံအနီးရှိ လက်ဘက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသည့် DAYUN 110 ဆိုင်ကယ် ၁ စီး၊ FEKON 125 ဆိုင်ကယ် ၁ စီးတို့ကို ခိုးယူခဲ့ကြောင်းထပ်မံ ပေါ်ပေါက်ခဲ့သည်။

 ထို့အပြင် အလင်းပေါက်လက်ဘက်ရည်တိုင်ရှေ့တွင် ရပ်ထားသည့် RJ Star 110 ဆိုင်ကယ် ၁ စီး၊ လူနေလိုင်း ခန်းအရှေ့တွင် ရပ်ထားသည့် FELLING 110 ဆိုင်ကယ် ၁ စီး၊ (၈၈)ရပ်ကွက်အတွင်း ရှိ နေအိမ်လိုင်းခန်းတွဲ တစ်ခုရှေ့၌ ရပ်ထားသော KENBO 110 ဆိုင်ကယ် ၁ စီး၊ KENBO 125 ဆိုင်ကယ် ၁ စီး၊ Tena Nova ဆိုင်ကယ် ၁ စီး၊ (၉ဝ)ရပ်ကွက် အတွင်းရှိ ပျဉ်ထောင်အိမ်ရှိသော နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် SUPER THAI 125 ဆိုင်ကယ် ၁ စီး၊ KENBO CZI 125 ဆိုင်ကယ် ၁ စီး၊ (၇၇)ရပ်ကွက်ရှိ ဒန်ကိုဆီဆိုင် နောက်ကျောဘ က် လယ်တွင်းအတွင်း ရပ်ထားသည့် DAYUN 110 ဆိုင်ကယ် ၁ စီး၊(၈၅)ရပ်ကွက်၊ ဘုန်ကြီးကျောင်း နောက်ဘက်ရှိနေအိမ်ခြံဝင်းအတွင်းရပ်ထားသည့် Hi Bo Bo ဆိုင်ကယ် ၁ စီး၊ (၁၆၈)ရပ်ကွက်၊ လယ်သမား ကွက်သစ်ရှိ နေအိမ်ခြံဝင်းအတွင်းရပ်ထားသော JLM စာတမ်းပါ အနက်ရောင် ဆိုင်ကယ် ၁ စီး၊ (၉၈)ရပ်ကွက်၊ မထားစုဘောလုံးကွင်းအနီး၌ သော့တန်းလမ်းနှင့် ရပ်ထားသော KENBO ဆိုင်ကယ်  ၁ စီးတို့ကိုလည်း ခိုးယူခဲ့ ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၄)ရပ်ကွက်ရှိ နှစ်ထပ်တိုက်အိမ်ရှိသောနေအိမ်ခြံဝင်းအတွင်း ရပ်ထားသော LUOJIA ဆိုင်ကယ် ၁ စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ (၁၇)ရပ်ကွက်၊ ကျန်စစ်သား လမ်း၊ (၇) ကားဂိတ်အနီးရပ်ထားသည့် LUOJIA 110 ဆိုင်ကယ် ၁ စီး၊ ရွာသာကြီး ရပ်ကွက်၊ အကြော်တဲ မှတ်တိုင်အနီး စျေးလမ်းပေါ်၌ ရပ်ထားသည့် LANJIA 110 ဆိုင်ကယ် ၁ စီး၊ (၅၃)ရပ်ကွက်၊ အမှိုက်ကန်အနီးရှိ နေအိမ်ခြံ အတွင်း ရပ်ထားသော FEILING 110 ဆိုင်ကယ် ၁ စီး တို့အား ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းကာ ဆိုင်ကယ်များခိုးယူရောင်းချ ခဲ့သူ  အောင်ကိုဦး(ခ) ဗိုက်ပေါက် ပါ ၃ ဦး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ထားပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly