အိပ်မက်ထဲက ရေတံခွန်ကို ပြန်လည််တွေ့ရှိခြင်း

အိပ်မက်ထဲက ရေတံခွန်ကို ပြန်လည််တွေ့ရှိခြင်း

ဘန့်ဘွေးကျင်းရေတံခွန်ကြီးကို လှမ်းကြည့်လိုက် ဓါတ်ပုံရိုက်လိုက် အလုပ်တွေ ရှုပ်နေတဲ့ကြားကပဲ ဒီရေတံခွန်ကြီးကို အိပ်မက်မက်ခဲ့ဖူးတာ သွားတွေးနေမိပြန်ပါသေးတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက်ကပါ။ အင်တာနက် လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတစ်ခုမှာ အင်မတန်လှပတဲ့ ရေတံခွန်ကြီးတစ်ခုကို မမျှော်လင့်ဘဲ တွေ့ခဲ့ရဖူးပါတယ်။ ဖေ့ဘုတ်အကောင့်ပိုင်ရှင်က ကျော်စွာ ဆိုပြီး အင်္ဂလိပ်လို နာမည်ပေးထားတဲ့ စာမျက်နှာမှာပါ။ ကျနော်က မိတ္တူကူးမထားလိုက်ရပေမယ့် မျက်စေ့ထဲ အသေအချာမှတ်ထားလိုက်ပါတယ်။ ရေတံခွန်ကြီးက ဘယ်နေရာမှာရှိတယ် နာမည်ဘယ်လိုခေါ်သလဲဆိုတာတော့ အဲဒီစာမျက်နှာမှာ ပါမလာပါဘူး။ အဲဒီအချိန်တုန်းက စိတ်ထဲတွေးနေမိခဲ့တဲ့အချက်က အဲဒီဓါတ်ပုံပိုင်ရှင်ဟာ ကံတော်တော်ကောင်းတဲ့သူဖြစ်တယ်။ ဒီလောက်လှပခမ်းနားတဲ့ရေတံခွန်ကြီးဆီ သူက သွားခွင့်ရ မြင်ခွင့်ရ ဓါတ်ပုံရိုက်ခွင့်ရတယ်။ တော်တော်ကံကောင်းတဲ့သူပေါ့ ဆိုတဲ့အတွေးနဲ့ စိတ်ထဲက သူ့ကိုယ်စား တော်တော်ပီတိဖြစ်ခဲ့ပါတယ်။

အခု ဘန့်ဘွေးကျင်းရေတံခွန်ကြီးကို ဓါတ်ပုံရိုက်နေတဲ့အခါ စိတ်တွေအလှုပ်ရှားလွန်ပြီး လွန်ခဲ့တဲ့ခြောက်လလောက်က မမျှော်လင့်ပဲ ဖေ့ဘုတ်စာမျက်နှာတစ်ခုမှာမြင်ခဲ့ဖူးတဲ့ အိပ်မက်ထဲအထိစွဲလန်းခဲ့ရဖူးတဲ့ရေတံခွန်ကြီးဟာ ဒီဘန့်ဘွေးကျင်းရေတံခွန်ကြီးပါလားဆိုတာ ရုတ်တရက် မမှတ်မိလိုက်ပါဘူး။ နောက်တော့မှ ရုတ်တရက်မှတ်မိလာခဲ့ပြီး ထခုန်မတတ် ဝမ်းသာသွားရတာပါ။ ကျနော့်မှာ တအံ့တသြ ဝမ်းသာကြည်နူးပြီး အကြီးအကျယ်စိတ်လှုပ်ရှားနေတာကို ဆရာမက သတိပြုမိဟန်တူပါရဲ့။ လိုက်ပို့ရလို့ သူလည်း ဝမ်းသာတဲ့အကြောင်း ထပ်ကာတလဲလဲပြောရှာပါတယ်။ ဒီကြားထဲ သူဟာ နောင်ချိုသူဖြစ်ပေမယ့် ဒီဘန့်ဘွေးကျင်းရေတံခွန်ကို ကြားသာကြားဖူးပေမယ့် သူလည်းတစ်ခေါက်မှမရောက်ဖူးသေးတဲ့အကြောင်း တချိန်တုန်းက ဒိီနေရာဒီဒေသတဝိုက်ဟာ မငြိမ်းချမ်းတဲ့နေရာတွေဖြစ်လို့ အပြင်လူတွေ လာလို့သွားလို့မရလို့ သူလည်း မရောက်ခဲ့တာဖြစ်ကြောင်း ပြောရှာပါတယ်။ သူ့လက်ကိုင်ဖုန်းလေးနဲ့ နေရာအနှံ့ ဓါတ်ပုံရိုက်နေပါတော့တယ် လိုက်ပို့တဲ့ ကားဆရာလေးနဲ့ ဆရာမရှားရိုဖေါရဲ့ ယောင်းမလေး ရှင်ဂွမ်းဂွိကတော့ ရောက်ဖူးထားကြပါတယ်။ လိုက်ပို့သူအားလုံးကို ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်လို့ ကျနော်က အထပ်ထပ်အခါခါ ပြောနေမိတော့ သူတို့လည်း ဝမ်းသာပျော်ရွှင်ကုန်ကြရပါတယ်။

ဘန့်ဘွေးကျင်းရေတံခွန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်မှာမှ ရှလို့မရပေမယ့် ဆရာမနဲ့ တူမလေး ရှင်ဂွမ်းဂွိတို့ရဲ့ကြိုးပမ်းမှုနဲ့ အချက်အလက်တချို့ရပြန်တော့လည်း အချက်အလက်ပြုစုထားသူက သာမာန်အရပ်သားဖြစ်တာမို့ လမ်းညွှန်တဲ့အချက်အလက်ကအစ မရှင်းလင်း မပြည့်စုံလှပါဘူး။ ဒါပေမယ့် အပြည့်အစုံမသိရတာနဲ့စာရင်တော့ တော်ပါသေးရဲ့လို့ တွေးမိပါတယ်။

ဘန့်ဘွေးကျင်းရေတံခွန်ဟာ နောင်ချိုမြို့နယ် သပြေဒိုးရွာအနိီးမှာရှိပါတယ်။ ဒီရေတံခွန်ကို နောင်ချိုကနေတဆင့်သွားလို့ရသလို မန္တလေးကနေ ပြင်ဦးလွင် မိုးကုတ်သွားတဲ့လမ်းကနေပြီးလည်း သွားလို့ရပါတယ်။ အခု ကျနော်တို့ကတော့ နောင်ချို၊ အုမ္မသီး၊ ဟိုခိုလမ်းခွဲဘက်က လာကြတာလို့ဆိုပါတယ်။

ကတ္တရာကားလမ်းအတိုင်းလာရင်းက လွယ်လိတ်ရွာအလွန်ကြတော့ လကျင်္ာဘက် မြေနီကျောက်ချောလမ်းကိုဆင်းရပါတယ်။ တောလမ်းကျောက်ချောလမ်းအတိုင်း ဆက်လာရင် နာရီဝက်လောက်ကားမောင်းရင် ဘန့်ဘွေးကျင်းရေတံခွန်ကို ရောက်ပါတယ်။ နောင်ချိုကနေ ဘန့်ဘွေးကျင်းရေတံခွန်ရောက်ဖို့ ၂ နာရီနီးပါး ကြားခဲ့ပါတယ်။
ဓါတ်ပုံရိုက်တာတွေခဏနားပြီး စျေးဆိုင်တန်းဘက်ပြန်လာကြတော့ ကျနော်တို့ဓါတ်ပုံရိုက်နေစဉ် ကမ်းပါးကို ဂရုတစိုက်ကပ်ကြဖို့လာပြီးသတိပေးတဲ့ လူတစ်ယောက်နဲ့ စကားလက်ဆုံကျပါတယ်။ သူက သပြေဒိုးရွာကဖြစ်ပါတယ်။ ဘန့်ဘွေးကျင်းရေတံခွန် ပြုစုစောင့်ရှောက်ရေးကော်မီတီအဖွဲ့ဝင်လို့ဆိုပါတယ်။ ကျနော်တို့ ခဏထိုင်ပြီးထမင်းစားတဲ့စျေးဆိုင်မှာ အဲဒီ ဘန့်ဘွေးကျင်းရေတံခွန် ကော်မီတီအဖွဲ့ဝင်များစာရင်း ရေးပြီးကပ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါတယ်။

ထမင်းစားရင်း စကားထိုင်ပြောကြတဲ့အခါ အခုဆိုရင် ရေတံခွန်ကြီးဆီကို နိုင်ငံခြားသားခရီသည်တွေကလွဲပြီး ပြည်တွင်းနေရာအနှံ့က ခရီးသည်တွေလာစပြုနေပြီဖြစ်ကြောင်းနဲ့ ကားထားခ၊ အခြားယာဉ်အမျိုးမျိုးထားခ ကောက်ခံရရှိငွေကို စနစ်တကျထိန်းသိမ်းကြပြီး ရေတံခွန်ကြီးရဲ့ပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးနဲ့ ခရီးသည်များ နားနေနိုင်ရေးကိစ္စများမှာ ဒီငွေတွေကို အသုံးပြုနေကြောင်း သိခဲ့ရပါတယ်။ စျေးဆိုင်တွေကတော့ သုံးဆိုင်လောက်ပဲတွေ့ခဲ့ရပါသေးတယ်။ ၀ါးနဲ့ဆောက်တဲ့စျေးဆိုင်တွေချည်းပါပဲ။ အိမ်သာနဲ့ အပေါ့အပါးသွားဖို့ကတော့ တော်တော်အခက်အခဲရှိနေပါသေးတယ်။

ထမင်းစားပြီးကြတဲ့အခါ ရေတံခွန်ကြီးရဲ့အောက်ခြေကို ဆင်းကြည့်လို့ရတဲ့နေရာနဲ့ ရေတံခွန်ကြီးထိပ် ရေစုရာနေရာတွေကို သွားကြည့်လို့ရတယ်လို့ သိရပါတယ်။

ရေတံခွန်ကြီးအောက်ခြေအထိဆင်းတဲ့အခါ ပေါ့ပါးခိုင်ခန့်တဲ့ဖိနပ်၊ အစားအစာနဲ့ရေဗူးတွေယူသွားကြဖို့ သတိပေးနေသံလည်းကြားခဲ့ရပါတယ်။ အသက်ကြိီးသူနဲ့ ကလေးသူငယ်တွေမဆင်းကြဖို့နဲ့ စားသုံးပြီး အိတ်ခွံဗူးခွံနဲ့ အမှိုက်သရိုက်များ စည်းကမ်းမဲ့မစွန့်ပစ်ကြဖို့ သတိပေးနေတာလည်း ကြားခဲ့ရပါတယ်။ ကျနော်တို့ကတော့ အချိန်မရတာကတကြောင်း တခြားနေရာတွေ နေ့ချင်းခရီးဆက်ရဦးမှာဖြစ်တာကြောင့် အောက်ဆင်းတာနဲ့ ရေစုတဲ့နေရာတွေဆီ သွားချိန်မရခဲ့ကြပါဘူး။

ဘန့်ဘွေးကျင်းရေတံခွန်ကြီးဟာ ကျနော်တွေ့ဖူးသမျှ ပြည်တွင်းရေတံခွန်တွေထဲမှာ အသာယာဆုံး အလှပဆုံးနဲ့ အကြိီးဆုံးရေတံခွန်ကြီးပါပဲ။ ဒီရေတံခွန်ကြီးကိုအကြောင်းပြုပြီး ခရီးသည်တွေ သည့်ထက်လာရောက်နိုင်ရေး နိုင်ငံခြားသားခရီးသည်တွေ လာရောက်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြလိမ့်မယ်လို့လည်း တွေးမိပါတယ်။

တချိန်ထဲမှာပဲ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး သန့်ရှင်းရေးကိုလည်း တပါတည်းအောင်မြင်အောင်ဆောင်ရွက်နိုင်ကြဖို့လည်း အရေးကြီးတဲ့အကြောင်း စကားထိုင်ပြောတဲ့ ရေတံခွန်ကော်မီတီဝင်ဆိုသူကို အကြံပြုခဲ့ တိုက်တွန်းခဲ့ပါတယ်။

(ရှမ်းပြည် ခရီးသွားဆောင်းပါးတွေကို ဆက်လက်ဖတ်ရှုကြပါရန်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly