သုတေသနဆောင်ရွက်မှုအားနည်းသော အရေးကြီးကဏ္ဍများကို စိစစ်ပြီး ဦးစားပေးလုပ်ဆောင်မည်

သုတေသနဆောင်ရွက်မှုအားနည်းသော အရေးကြီးကဏ္ဍများကို စိစစ်ပြီး ဦးစားပေးလုပ်ဆောင်မည်

ဇန်နဝါရီ ၉ ။             ။ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) ကို ဆောင်ရွက်နေပြီး သုတေသနဆောင်ရွက်မှု အားနည်းသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ကာ ဦးစားပေးဆောင်ရွက်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 ၄၇ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့ နယ်ရှိ ဆေးသုတေသနဦးစီးဌာန၌ ဇန်နဝါရီ ၈ရက်ကကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန် ကြီး ကပြောကြားခဲ့ခြင်း ဖြစ်သည်။

 ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် သုတေသနအားနည်းသည့် ကူးစက်ရောဂါနှင့် ကူးစက်မှုမရှိသည့် ရောဂါအချို့ရှိပြီး သုတေသနမလုပ်ရသေးသည့် နယ်ပယ်တစ်ချို့တွင် ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 "တစ်ချို့က သုတေသနလုပ်ငန်းမလုပ်ရသေးတဲ့ ကိစ္စလေးတွေရှိတယ်။ အဓိကကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်း လုပ်တဲ့အခါမှာ ဘယ်ကဏ္ဍမဆို သုတေသနနဲ့တွဲနေဖို့လိုတယ်။ တစ်ချို့ ကဏ္ဍတွေကတော့ သုတေသန လုပ်တာများတယ်။ ဥပမာ HIV၊ ငှက်ဖျားတို့က ကာကွယ်ရေးကော၊ ကုသရေးကော၊ ရောဂါရှာဖွေရေးအတွက်ပါ သုတေသနလုပ်တာများတယ်။ အနာကြီးရောဂါလိုဟာမျိုးဆိုရင် သုတေသနပြန်လုပ်ဖို့လိုနိုင်မယ်။ အနာကြီးရော ဂါက ပပျောက်ပြီလို့ ကြေညာထားပေမယ့် အနည်းအကျဉ်း ရောဂါဟောင်းရှိတဲ့သူတွေ ရှိသေးတယ်။ ဒီကြားထဲ ရောဂါအသစ်ပေါ်လာမပေါ်လား စောင့်ကြည့်ရမယ်။ အဲဒီလိုစောင့်ကြည့်တဲ့ သုတေသနမျိုးလေးတွေလုပ်ဖို့လို မယ်" ဟု မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမော်ထွန်း ကပြောသည်။

 သုတေသနလုပ်ငန်းများရရှိလာသော အချက်အလက်များကို လုပ်ငန်းတွင်လုပ်ဆောင်နေသော သိသင့် သိထိုက်သူများအနေဖြင့် ရှင်းရှင်းလင်းလင်းသိရှိစေရန် Data Presentation သင်တန်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

 ထို့အပြင် သုတေသနနည်းပညာနှင့် ပတ်သက်သည့် သင်တန်းများကို ကျန်းမာရေးဝန်ထမ်းများအတွက် တစ်နှစ် ပတ်လုံးတွင် အနည်းဆုံး ၁ဝခုခန့် လုပ်ဆောင်ပေးသွားရန်ရှိကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

 ယခုနှစ် ဘတ်ဂျက်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများအတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သန်း ၁၅ဝဝကျပ် ချထားပေးသွားမည်ဖြစ်ပြီး လာမည့် ဘတ်ဂျတ် ကာလများတွင်လည်း တိုးမြှင့်ချထားပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly