ပြည်နယ်တွင်းစစ်ပွဲများ အမြန်ဆုံးရပ်စေချင်ဟု ရခိုင်အမျိုးသားပါတီဆို

ပြည်နယ်တွင်းစစ်ပွဲများ အမြန်ဆုံးရပ်စေချင်ဟု ရခိုင်အမျိုးသားပါတီဆို
ဓာတ်ပုံ - EPA

ရန်ကုန် ၊ ဇန်နဝါရီ ၉ ။         ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအား အမြန်ဆုံးရပ်တန့်စေချင်ပြီ ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒါလက်မခံနိုင်တဲ့ကိစ္စပါ။ ဘယ်တပ်ဖွဲ့တွေနဲ့ပဲ စစ်ပွဲတွေဖြစ်ဖြစ် ကြားထဲမှာ ဒုက္ခရောက် တာက အပြစ်မဲ့တဲ့ ပြည်သူတွေ အရွယ်မရောက်တဲ့ ကလေးတွေ အသက်ဘေးကြောင့် စစ်ရှောင်ထွက်ပြေးရတဲ့ ဒုက္ခသည်ပါ။ ကျွန်တော်တို့ကတော့ ဒီလိုမဖြစ်စေချင်ဘူး။ စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲစေချင်တယ်” ဟု ဦးထွန်းအောင်ကျော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ အစောပိုင်းကာလများမှ စတင်ပြီး ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေပြီး စစ်ဘေးရှောင်ပြည်သူများ၏ အရေအတွက်သည်လည်း ၅၀၀၀ ကျော်ခန့် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးအချက်အလက်များ အရ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်(AA) မှ ဝင်ရောက် တိုက်ခိုက်ပြီးနောက် အစိုးရက AA ကို သောင်းကျန်းသူအဖွဲ့အဖြစ် သတ်မှတ်ပြီး နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်သူများကို ရက္ခိုင့်တပ် (AA) အပေါ် ထောက်ခံခြင်းမပြုရန် ပြောဆိုခဲ့ခြင်းများ ရှိခဲ့သည်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းစာထဲတွင် “ရခိုင်နှင့် ရခိုင်မျိုးနွယ်စု ပြည်သူများအားလုံးအပေါ် အင်အားသုံးဖြေရှင်းလိုမှု၊ မတရားခြိမ်းခြောက်မှုနှင့် မတရားစွပ်စွဲပြောဆိုမှုများ ပြုလုပ်ရာရောက်သည်” ဟု ပါရှိသည်။

 “တစ်ဖွဲ့ဖွဲ့ကို အပြတ်ချေမှုန်းမယ်ဆိုတဲ့စကားက ဖြစ်နိုင်ချေမရှိဘူး။ လက်တွေ့သာဓကတွေက အဖြေ ထုတ်ပေးနေတယ်။ အဲ့အချက်တွေကို ထောက်ပြီး ပြောပြနေတာ၊ တိုက်ပွဲကြီးတွေ တိုက်ခဲ့ကြပြီးပြီ။ အသက်တွေအများကြီး ဆုံးရှုံးခဲ့ကြပြီးပြီ” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ၊ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာပြီးနောက် အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၇ ရက်နေ့ က ပြုလုပ်ခဲ့သည်ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် မြို့နယ် အနီးတဝိုက်တွင် တပ်မတော်နှင့် AA အကြားတိုက်ပွဲများ ဆက်လက်ရှိနေဦးမည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required