တစ်နေ့တခြား လူကြိုက်များလာတဲ့ မြိတ်ဒေသအစားစာ ကတ်ကြေးကိုက်

တစ်နေ့တခြား လူကြိုက်များလာတဲ့ မြိတ်ဒေသအစားစာ ကတ်ကြေးကိုက်

ဒေသခံများသာမက မြိတ်ဒေသသို့ ရောက်ဖူးသူတိုင်းမှာ မဖြစ်မနေ စားသုံးလေ့ရှိတဲ့ မြိတ်ကတ်ကြီးကိုက်ဟာ အထူးကို နာမည်ကြီးတဲ့ ဒေသထွက် အစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ “ရှမ်းကို ချစ်ရင် ပဲပုပ်ကို ချစ်ရမယ်” ဆိုသလို  မြိတ်သားမှန်ရင် ကတ်ကြေးကိုက်ကို လုံးဝမေ့လို့ မရပါဘူး။ မြိတ်မြို့ကို ခြေချပြီဆိုတာနဲ့ ဒီဒေသကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားနဲ့ ပြည်တွင်းက ရွှေဧည့်သည်များဟာ မြိတ်ကတ်ကြေးကိုက်ကို အရင်အဦးဆုံး စားကြည့်ချင်တယ်လို့ ပြောဆိုခြင်းကို ကြည့်ခြင်းဖြင့် ကတ်ကြေးကိုက်ဟာ ကမ္ကာကျော် လူသိများတဲ့ အစားအသောက်တစ်မျိုး ဖြစ်လို့လာနေပါပြီ။ မြိတ်သားတစ်ယောက်အနေနဲ့ ဂုဏ်ယူမယ်ဆို ဂုဏ်ယူစရာပဲပေါ့။

အရသာထူးကဲတဲ့ ဒေသအစားစာများအနက် ဒေသခံများမှာလည်း ကတ်ကြေးကိုက်ကို နေ့စဉ်နဲ့အမျှ နစ်နစ် ခြိုက်ခြိုက်စားသုံးမှုတွေကတော့ တစ်နေ့ထက်တစ်နေ့ တိုးပွားလို့ လာနေပါပြီ။ “မြိတ်” ဟူသော စကားလုံးကို ကြားမိရုံနဲ့ ကတ်ကြေးကိုက်ကို ပြေးမြင်မိကြမှာပဲ ဖြစ်ပါတယ်။  ယနေ့ခေတ်လို ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာ ချိန်မှာ “ကတ်ကြေးကိုက်”ဟု ဆိုလျှင် မြိတ်နှင့် အတူတွဲလျှက် အမှတ်ရ စေလောက်အောင်ပင် လူအများက သတိထားမိနေကြပါပြီ။

အရသာ ကောင်းမွန်တဲ့ကတ်ကြီးကိုက်တစ်ပွဲကို ဖြစ်စေဖို့ ပါဝင်တဲ့ ပစ္စည်းနဲ့ ရောစပ်တဲ့ အမယ်တွေကတော့ နေ့စဉ်နီးပါး တွေ့မြင်နေရတဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ပထမဆုံး ကတ်ကြီးကိုက်တစ်ပွဲ ဖြစ်လာဖို့ မီးအားကောင်းအောင် မြိတ်ဒေသမှာသာထွက်တဲ့ မီးသွေးထင်း (ထင်းတုံးကြီးများကို မီးအားအောင် အတန်ငယ် ကျွမ်းအောင် မီ ဖုတ်ထားတဲ့ ထင်းချောင်းများ) ကို အသုံးပြု နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ထို့နောက် ဆီဝအောင် အသုံးပြုထားတဲ့ သံဒယ်အိုနှင့် အကြော် ဇွန်းကြီး တစ်ချောင်း လိုအပ်ပါတယ်။

အရင်ဦးဆုံး ကတ်ကြေးကိုက်ကြော်မယ့် အိုးထဲကို ဆီကိုအရင် ထည့်ရသလို ထောင်းချေထားတဲ့ ကြက်သွန်ဖြူလေးကို ထည့်ပြီး အရင်ဆီသတ်ရပါတယ်။ အဲ့ဒီနောက် မုန့်သားဖတ် ဖြစ်တဲ့ ကတ်ကြေးကိုက် အဖတ်တွေနဲ့ ပဲပင်ပေါက်တွေကို ခုနက ဆီသတ်ထားတဲ့ အိုးထဲမှာ ၁ ပွဲစာ ဒါမှမဟုတ် ဘယ်နှစ်ပွဲ အထိနဲ့ လူဘယ်နှစ်ယောက် အတွက်ကို ချင့်ချိန်ပြီး ယောသမ မွေပြီးတော့ စကြော်လို့ ရနေပါပြီး။

မုန့်သားဖတ်တွေ နည်းနည်း ကြက်လာရင်တော့ ဆား၊ အသားမုန့်၊ ပဲဆီ အနည်းငယ်တို့ ထည့်ရပြီး၊ ရှာလာကာရည်နဲ့ ရောစပ် စိမ်းထားတဲ့ ငရုတ်သီး အဖတ်တွေကို ထပ်ထည့်ရပါမယ်။ အဲ့ဒီနောက် မပါမဖြစ်တဲ့ မြိတ်ဒေသထွက် ပအုံးရည်ပဲ ဖြစ်ပါတယ်။ ပအုံးရည်ဆိုတာက ဓနိပင်က ထွက်တဲ့ အရည်ကို အချဉ်တည် ထားတဲ့ မြိတ်ဒေသရဲ့ ထူးခြားတဲ့ ရှာလကာရည် ဖြစ်ပါတယ်၊ ဟင်းပွဲတချို့နဲ့ ငါးပိဖျော်တွေမှာ သုံးတဲ့ ဟင်းချက် အသုံးအဆောင် ဖြစ်ပါတယ်။

နောက်ဆုံးမှာ အရသာနဲ့အစပ်အဟပ်တွေ အနေတော်လေး ဖြစ်ပြီးဆိုတော့ ပဲပြုတ်လေး အနည်းငယ် ထပ်ထည့်ပြီး၊ စားသုံးသူရဲ့ ဆန္ဒအရ ဝက်သား၊ ကြက်သား ၊ပုစွန်/ ကင်းမွန်၊ ကြက်ဥ စတာတို့ကို အဆင်ပြေသလို တွဲဖက်ပြီး ပြုလုပ်စားသောက်နိုင်ပါတယ်။

မြိတ်ဒေသ၏ နာမည်ကြီးသည့် ကတ်ကြီးကိုက်သည် ရှေးယခင် ကတည်းက မြိတ်ဒေသတွင် စားသုံးလာခဲ့ သည့် မိရိုးဖလာအစားအသောက်တစ်ခု ဖြစ်ပါတယ်။ တစ်မြို့လုံးမှာလည်း နေရာတိုင်း၊ ရပ်ကွက်တိုင်းမှာ အိမ်ဆိုင်၊ လမ်းဘေးဆိုင်မှသည် စားသောက်ဆိုင်များအထိ ပြုလုပ်ရောင်းချနေတာကို တွေ့ရပါမယ်။ ဒီလို ဒေသတစ်ခု၏ ပြယုဂ်တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော မြိတ်ကတ်ကြီးကိုက်သည် ယခုအခါ လူအများက နှစ်ခြိုက်တဲ့ ဒေသအနှံ့အပြားမှ ခံတွင်း တွေ့ စားသုံးလာတဲ့ အစားအစာ တစ်ခု ဖြစ်လို့လာပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly