ဆေးသုတေသန လုပ်ဆောင်ရန် လာမည့်နှစ်တွင် ဘတ်ဂျက် တိုးမြှင့်ပေးမည်

ဆေးသုတေသန လုပ်ဆောင်ရန် လာမည့်နှစ်တွင် ဘတ်ဂျက် တိုးမြှင့်ပေးမည်

ဇန်နဝါရီ ၈ ။            ။ ယခုနှစ် ဘတ်ဂျက်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများအတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျပ်သန်း ၁၅၀၀ ချထားပေးသွားမည်ဖြစ်ပြီး လာမည့်ဘတ်ဂျတ် ကာလများတွင်လည်း ဘတ်ဂျက်ကို တိုးမြင့်ချထားပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။

"၂၀၁၆-၁၇ ဘတ်ဂျက်အတွက် ကျပ်ငွေ ၁ ဘီလီယံ ခြောက်လ ဘတ်ဂျက်အတွက် ကျပ်သန်း ၅၀၀ အခု ၂၀၁၈ ခုနှစ် စက်တင်ဘာကနေ ၂၀၁၉ အောက်တိုဘာအတွက် ကျပ် ၁ ဒသမ ၅ ဘီလီယံ လာမယ့် ဘတ်ဂျက်က တော့ ၂၀၁၉ အောက်တိုဘာ ပထမပတ်ကနေ စမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျပ် ၃ ဘီလီယံကို သုတေသန လုပ်ငန်းတွေမှာ အသုံးပြုဖို့ မှန်းထားပါတယ်" ဟု ဒေါက်တာမြင့်ထွေး ကပြောသည်။

၄၇ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ဒဂုံ မြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာနတွင်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံကို ၂၀၁၉ခုနှစ် ဇန်နဝါရီ ရရက်မှ ၁၁ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး သုတေသနစာတမ်း ပေါင်း ၁၄၁စောင်၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ပိုစတာ ၉ဝနှင့် ဆေးနှင့် ဆေးပစ္စည်းပြခန်းများလည်း ညီ လာခံတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"အခုချထားပေးတဲ့ ဘတ်ဂျက် သန်း ၁၅ဝဝကို ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဝန်ထမ်းအားလုံး ဘယ်သူမဆို သုတေသနလုပ်ချင်တယ်ဆိုရင် သူတို့ကိုချပေးဖို့ရှိပါတယ်။ ဘာလုပ်ငန်း လုပ်ချင်လည်းဆိုတဲ့ Protocol လေးတွေရေးရပါတယ်။ ဒီ Protocol ကို အမြဲတမ်းအတွင်းဝန် (၁)၊ (၂) ဦးဆောင်တဲ့ Protocol Review ကော်မတီက စိစစ်ပြီးတော့ တကယ်နိုင်ငံအတွက် အရေးကြီးတယ်။ လုပ် မယ့်လုပ်ငန်းကလည်း ကောင်းမွန်တယ်ဆိုရင် အဲလိုသုတေသနလုပ်ငန်းမျိုးတွေကိုရွေးပြီး ဘတ်ဂျက်တွေကို ချပေးသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ပြန်ကြားရေးဆပ်ကော်မ တီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမော်ထွန်း ကပြောသည်။

 

ညီလာခံကျင်းပသည့် ၅ရက်တာကာလအတွင်း သုတေသနစာတမ်းများဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာဟော ပြောပွဲများနှင့် ဆေးပညာဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ၊ ပိုစတာများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required