ဖောင်းတဲ့အခါလည်း ဖောင်းဦးပါမှ

ဖောင်းတဲ့အခါလည်း ဖောင်းဦးပါမှ

ယနေ့ခေတ်စားလာနေသော စကားလုံးများအနက် ပြည်သူဗဟိုပြုဆိုသော စကားလုံးကို စာရေးသူ သဘောကျသည်။ စာရေးသူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေ ပြောချင်တာလေးတွေ သိရလို့၊ ပြည်သူတွေအတွက် ပြောပေးနိုင်လို့လည်း ဖြစ်သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို နိုင်ငံတော်က ၂၈-၈-၂၀၁၅ ရက်တွင် ကျပ် ၃,၆၀၀ သတ်မှတ်ပြီး နောက် ဝန်ထမ်း ၂၀၀ နီးပါး လျှော့ချခံရသည့် အင်းစိန်မြို့နယ်ရှိ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ အလုပ် သမားများ အလုပ်ပြန်လည် ဝင်ရောက်လိုကြောင်း ၂၁-၉-၂၀၁၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် သတင်းကို နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် ဖတ်ရသည်။

သတင်းအကျယ်တွင် သြဂုတ်လ ၂၄ ရက်က အလုပ်သမား ၁၉၆ ဦးအားလည်းကောင်း၊ ကျန်ရှိသည့် အလုပ်သမား ၂၄၀ ဦးအား သြဂုတ်လ ၂၇ ရက်တွင်လည်းကောင်း လုပ်သက်အလိုက် အလုပ်ထုတ် နစ်နာ ကြေးပေး၍ အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားအများစုမှာ လုပ်သက် ၂ နှစ်မှ ၁၃ နှစ်အထိရှိသည့် လုပ်သက်ရင့် ဝန်ထမ်းများဖြစ်ကြောင်းနှင့် အလုပ်ထုတ်ရသည့် အကြောင်းရင်းတွင် အလုပ်သမားများ ကြိုးစားအားထုတ်မှု နည်းပါးခြင်းနှင့် လုပ်ငန်းခွင် အလေးထား ဆောင်ရွက်မှု နည်းပါးခြင်း စသည့် အကြောင်းပြချက်များဖြင့် အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုဆို၏။ သို့ရာတွင် နောက်တစ်နေ့၌ ယင်း အလုပ်သမားများကို ပြန်လည်ခန့်ထားခဲ့သည်ဟုဆို၏။ အဘယ့်ကြောင့်နည်း။

အနည်းဆုံးအခကြေးငွေနှုန်းထား ကျပ် ၃,၆၀၀ နှင့် နောင်တွင် လုပ်သက်အလိုက် အလုပ်ထုတ် နစ်နာ ကြေးပေးရမည့် ကုန်ကျစရိတ်ထက် လက်ရှိလစာနှုန်းထားနှင့်ပေးရမည့် ကုန်ကျစရိတ်က အလုပ်ရှင် အတွက် များစွာသက်သာခြင်း၊ ဥပဒေအရ အလုပ်သမားအား အသစ်ပြန်လည်ခန့်ထားစဉ် အစမ်းခန့်ကာလ ၆ လ အတွင်း လုပ်ခလျှော့ပေးရသဖြင့် အလုပ်ရှင်အတွက် ကုန်ကျစရိတ်ကာမိခြင်း၊ အချိန်ပို လုပ်ခသည်လည်း နေ့တွက်ကြေး၊ သို့မဟုတ် လစာနှင့်တွက်ချက်ရရှိသည့်နှုန်းကို အလုပ်ရှင်က ပေးရမည်ဖြစ်၍  လုပ်ခ နည်းနည်းဖြင့် တွက်ချက်ပါက အချိန်ပိုလုပ်ခ သက်သာခြင်းများကြောင့် စက်ရုံ အလုပ်ရုံအချို့တွင် အလုပ်ရှင် များက အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးပေး၍ အလုပ်ထုတ်ပယ်ပြီးနောက် ပြန်လည် ခန့်ထားနေ ကြသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများကဆို၏။

၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ နည်းဥပဒေအခန်း(၉) ပုဒ်မ ၄၃ (ဋ္ဌ)အရ အလုပ်ရှင်သည် ကျွမ်းကျင်မှုစံ၊ သို့မဟုတ် ထုတ်လုပ်မှုစံနှုန်း မပြည့်မီသည့် အလုပ်သမားများအား လေ့ကျင့်ပေးရန် လိုအပ်လျှင် အစမ်းခန့်သုံးလမတိုင်မီ အနည်းဆုံးလုပ်ခ၏ ၅၀ ရာခိုင်နှုန်းနှင့် အစမ်းခန့်ကာလတွင် အနည်းဆုံးလုပ်ခ၏ ၇၅  ရာခိုင်နှုန်း ပေးရမည်ဟု ဖော်ပြထားသည်။

ယင်းပြဋ္ဌာန်းချက်အရ လက်ရှိခန့်ထားပြီး အလုပ်သမားတစ်ဦး၏ လစာမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ လမှစ၍ အနည်းဆုံး အခကြေးငွေကျပ် ၃,၆၀၀ ခွင့်ပြုပြီးနောက် ခံစားရရှိမည့် လစာထက်လျော့နည်း သဖြင့် အလုပ်ရှင်က လက်ရှိအလုပ်သမားများအား လုပ်သက်အလိုက် နစ်နာကြေးပေး၍ အလုပ်မှ ထုတ်ပယ်လိုက်ပြီး အသစ်ပြန်လည်ခန့်ထားခြင်းဖြစ်သည်ဟု ဆို၏။

ယင်းသို့ အလုပ်သမားအား အသစ်ပြန်လည်ခန့်ထားခြင်းအားဖြင့် ဥပဒေက ခွင့်ပြုထားသည့် ပထမ ၆ လတွင် အလုပ်သမားသည် လစာ၏ ၅၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်းသာ ရရှိခံစားရမည်ဖြစ်၍ အဆိုပါ ၆ လ တွင် လုပ်ခ ကျပ် ၂ သိန်း ၄ သောင်းကျော် နစ်နာမှုရှိမည်ဖြစ်ပြီး ယင်းငွေကို အလုပ်ရှင်က ရရှိခံစားရမည်လည်း ဖြစ်၏။

အချိန်ပိုကြေး ခံစားခွင့်ပြုရာတွင်လည်း နေ့တွက်ကြေး ကျပ် ၃,၆၀၀ ပေါ်တွင် တစ်နာရီ အချိန်ပိုကြေး မှာ ၉၈၁ ကျပ် ဖြစ်သည်။ အစမ်းခန့်ကာလတွင် စတင်ရရှိမည့် ကျပ် ၁,၈၀၀ နှင့်တွက်ပါက အချိန်ပို  တစ်နာရီ ကြေး မှာ ကျပ် ၄၉၀ နှင့် ၅၀ ပြားသာ ဖြစ်၍ အလုပ်သမားဌာနက တစ်လခွင့်ပြုသည့် အချိန်ပိုနာရီပေါ်တွင် အချိန်ပြည့် လုပ်ဆောင်ရသော အလုပ်သမားတစ်ဦးမှာ ကျပ် ၃၀,၀၀၀ ကျော်၊ ထပ်မံ၍ နစ်နာဦးမည် ဖြစ်သည်။

ထို့ကြောင့်လည်း အလုပ်ရှင်တို့က လက်ရှိလစာနှုန်းဖြင့် အလုပ်သမားများအား အလုပ်ထုတ် နစ်နာ ကြေး ပေးခြင်းဖြင့်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေ နှုန်းသစ်ဖြင့် (၆) လ အစမ်းခန့်ထားခြင်းဖြင့် လည်းကောင်း၊ အချိန်ပိုကြေး တွက်ချက်ခံစားခွင့်ပြုရာတွင် လည်းကောင်း၊ အကျိုးအမြတ်များ ရရှိမည် ဖြစ်၍ အလုပ်သမားများကို သည်နေ့ အလုပ်ထုတ်၍ နောက်တစ်နေ့ ပြန်လည်ခန့်ထားခြင်းသာ။

ယခုကဲ့သို့ အလုပ်သမားများအား အလုပ်မှ ထုတ်၍ ပြန်လည်ခန့်ထားခြင်းနှင့်ပတ်သက်၍ စာရေးသူ တင်ပြလိုသည်မှာ အထက်ပါ အာရှနှင်းဆီအထည်ချုပ်စက်ရုံမှ ပိုင်ရှင်များ အလုပ်မှ ထုတ်ပစ်ခဲ့သည့် အလုပ်သမားအများစုမှာ လုပ်သက် ၂ နှစ်မှ ၁၃ နှစ်ထိရှိသော အလုပ်သမားများပါဝင်သည်ဟု ဆို၏။

ယင်းသို့ အတွေ့အကြုံရှိ အလုပ်သမားများအား ယခုအနည်းဆုံး အခကြေးငွေ ကျပ် ၃,၆၀၀ သတ်မှတ် ကာမှ အလုပ်အပေါ် ကြိုးစားအားထုတ်မှုနှင့် အလေးထား ဆောင်ရွက်မှု အားနည်းသည်ဟု အကြောင်းပြ ထုတ်ပစ်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ဟူသောပေတံဖြင့် တိုင်းတာ၍ မရနိုင်သောကိစ္စများ ဖြစ်သည်ဟု ဆိုရမည်။

၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ နည်းဥပဒေဖော်ပြချက်တွင်လည်းပထမ ၃ လတွင် အနည်းဆုံး အခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းနှင့် ကျန် အစမ်းခန့်ကာလ ၃ လတွင် အနည်းဆုံးအခကြေးငွေ၏ ၇၅  ရာခိုင်နှုန်း ပေးရမည်ဆိုခြင်းမှာ အသစ်ပြန်ခန့်ထားသည့် အလုပ်သမားတိုင်းအတွက် မဆိုလိုဘဲ သတ်မှတ်ထားသည့် ကျွမ်းကျင်မှု သို့မဟုတ် စံနှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မှုမရှိသည့် အလုပ်သမား အားအစမ်းခန့်ကာလ သတ်မှတ်၍ လေ့ကျင့်ပေးရန် လိုအပ်မှသာ ယင်းကဲ့သို့ လစာခံစားခွင့်ပြုရန် ပြဋ္ဌာန်းထားခြင်းသာ ဖြစ်သည်။

ယခုစက်ရုံမှ အလုပ်ထုတ်ပစ်၍ ပြန်လည်ခန့်ထားသည့် အလုပ်သမားများမှာ ကျွမ်းကျင်ပြီး ဝန်ထမ်း များဖြစ်၍ ယင်းဥပဒေပြဋ္ဌာန်းချက်အရ အလုပ်ရှင်က ယခုကဲ့သို့ ဆောင်ရွက်ရန်မသင့်ဟု ဆိုချင်ပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီလည်း ဖြစ်၍ တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားဘက် များလည်း ဖြစ်သည်ဟူသောအမြင်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပြန်လည်ခန့်ထားသော ကျွမ်းကျင်ပြီး အလုပ် သမားများအား အနည်းဆုံး အခကြေးငွေကျပ် ၃,၆၀၀ ခံစားခွင့် ရရှိရေးအတွက် အလုပ်သမားဌာနနှင့် အလုပ် ရှင်များက စဉ်းစားပေးသင့်သောကိစ္စအဖြစ် တွေ့မြင်ရသည်။

အလုပ်သမားဌာနသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား လုပ်ငန်းခွင် ဆက်ဆံမှု ကောင်းမွန်ရေး (Cordial Labour Management Relations)၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး (Industrial Peace) တို့အတွက် စဉ်ဆက်မပြတ် အလုပ်ရှင်နှင့် အလုပ်သမားအကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (Employment Contract) ချုပ်ဆိုဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၏ ပုဒ်မ ၅ ၊ ပုဒ်မခွဲ(က)အရ အလုပ်ရှင်သည် အလုပ်သမားအား ခန့်ထားပြီးရက်ပေါင်း ၃၀  အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန် ပြဋ္ဌာန်းထားရှိသည်။

ပုဒ်မခွဲ(ခ)တွင်လည်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်ရမည့်အချက်များ ပြဋ္ဌာန်း ထားသည်။  ထိုစာချုပ်တွင် အချက်ပေါင်း (၂၁)ချက်ပါရှိ၍ လက်ရှိဖြစ်ပွားနေသော အလုပ်သမားများအား အလုပ်မှ ထုတ်ပယ်၍အလုပ် ပြန်လည်ခန့်ထားသည့် ကိစ္စရပ်များတွင် ဥပဒေအရ အဆိုပါ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုရန် လိုအပ်သည်။

ထို့ကြောင့်လည်း အလုပ်သမားဝန်ကြီးဌာန၏ ၃၁-၈-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၂၀၁၅ ဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ရေးဆွဲချုပ်ဆိုကြရန် အသိပေး ကြေညာခဲ့သည်။ အဆိုပါ စာချုပ်၏ လုပ်ခ၊ လစာ၊ စာချုပ်သက်တမ်း၊ အလုပ်ချိန်၊ အလုပ်သမား လိုက်နာရမည့် စည်းကမ်းများ၊ အလုပ်မှ ရပ်စဲခြင်း၊ စာချုပ်ရပ်စဲခြင်း ဆိုသောအချက်များသည် အရေးပါ၏။ ထို့ပြင် စာချုပ်ပါ အကျိုးခံစားခွင့်များမှာ တည်ဆဲဥပဒေ အရပ်ရပ်ပါ ခံစားခွင့်များထက် လျော့နည်းခြင်းမရှိစေရဟုလည်း ပြဋ္ဌာန်းထားသည်။

သို့ရာတွင် ရွှေပြည်သာမြို့နယ်၊ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား အဖွဲ့အစည်းဝင် ၄ ဦး အလုပ်ထုတ်ခံရသဖြင့် အလုပ်သမား ၁,၉၀၀ ကျော်က ယင်းအလုပ်သမား ၄ ဦးအားပြန်လည် ခန့်ထားပေးရေး အပါအဝင် အခြားတောင်းဆိုချက်များ တောင်းဆိုမှုဖြစ်စဉ်၌ အလုပ်သမားများနှင့် အသစ်ချုပ်ဆိုရမည့် စာချုပ်ကို မမြင်တွေ့ရသဖြင့် လက်မခံကြောင်း၊ အလုပ်ရှင်ကလည်း စာချုပ်ချုပ်မည့်သူများသာ စက်ရုံအတွင်း ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းစာတွင် ဖတ်ရသည်။

အဆိုပါ အလုပ်ရှင်နှင့် အလုပ်သမားတို့ ချုပ်ဆိုရမည့် စာချုပ်နမူနာကို အလုပ်သမားဌာနမှ စက်ရုံ အလုပ်ရုံ အလုပ်ဌာနများသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။ အလုပ်ရှင်များသည် ဥပဒေနှင့် အညီအညွတ်လည်း ဖြစ်သည့် ယင်းစာချုပ်ပါ အချက်များကို အလုပ်သမားများ ကြိုတင်သိရှိနိုင်ရန် အလုပ် သမားများ မြင်သာသော နေရာများတွင် ဖော်ပြထားရှိသင့်သည်။ သို့မှသာ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင် နေဆဲကာလတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရာလည်း ကျပေမည်။

အလုပ်သမားများ၏ အနည်းဆုံး အခကြေးငွေ ခံစားရေးကိစ္စများကို စဉ်းစားရေးသားရင်း စာရေးသူတို့ ငယ်စဉ်က ဇာတ်သဘင်၊ အငြိမ့်ပွဲများတွင် လူရွှင်တော်များ၏ လျှာချော် မချော် ပြိုင်ကြသည့် ပြက်လုံးများမှ “တုံးအောက်က ဖား  ပြားတဲ့ဖားက ပြား၊ ဖောင်းတဲ့ဖားက ဖောင်း” ဟူသော ပြက်လုံးလေးကို သတိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်အလွန်မှ ယနေ့တိုင် လုပ်ခလစာနှင့် ပတ်သက်၍ တုံးအောက်က ဖားများသဖွယ် ပြားနေခဲ့သော အလုပ်သမားများခမျာ နိုင်ငံတော်က အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ချက်အရ ခံစားရရှိမည့် ယနေ့ကာလတွင် ဖောင်းတဲ့အခါလည်း ဖောင်းနိုင်ပါ စေကြောင်း ဆန္ဒကောင်းဖြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags