ဖရဲ၊ သခွားပို့သည့် ကျင်စန်းကျော့ဂိတ် အမြန်ဆုံး ဖွင့်နိုင်ရန် နှစ်နိုင်ငံ ကြိုးစားရဦးမည်ဟု စီးပွားကူးသန်းဝန်ကြီးပြော

ဖရဲ၊ သခွားပို့သည့် ကျင်စန်းကျော့ဂိတ် အမြန်ဆုံး ဖွင့်နိုင်ရန် နှစ်နိုင်ငံ ကြိုးစားရဦးမည်ဟု စီးပွားကူးသန်းဝန်ကြီးပြော
Photo-MOI

နေပြည်တော်၊ ဇန်နဝါရီ ၈ ။        ။ တရုတ်-မြန်မာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ရှိ ကျင်စန်းကျော့ ဂိတ်ပေါက်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ၌ လတ်တလောတွင် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်ဖက်နိုင်ငံ ကြိုးစားရဦးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လုံခြုံရေးကြောင့်ဟုဆိုကာ ပိတ်သွားခဲ့သည့် အဆိုပါဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနရုံးချုပ်တွင် တရုတ်နိုင်ငံသံရုံးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရေတိုမှာတော့ ဒီ ဂိတ်တွေကို ဘယ်လိုမြန်မြန်ဆန်ဆန်ဖြစ်အောင်ဖွင့်ကြမလဲဆိုတဲ့ မူအားဖြင့် သဘောတူညီချက် ရှိတယ်။ ဒါကိုလည်း တရုတ်ဘက်က သူတို့ဘာသာ ဆောင်ရွက်သွားမယ်။ တို့ဘက်ကလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဘက်နဲ့ ထပ်ပြီးတော့ အသေးစိတ် လုပ်ပြီးတော့၊ အမြန်ဆုံးဖြစ်အောင် လုပ်ပေးရမှာပေ့ါ”ဟု ၄င်းက ပြောကြားသည်။

ယနေ့တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးနှင့်  တရုတ်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှု အတွက် လက်ရှိဖွင့်လှစ်ထားသည့်ဂိတ်များကို အချိန် တိုးမြှင့်ကာ ဖွင့်လှစ်သွားရန်အတွက် သဘောတူညီခဲ့ပြီး ကျင်စန်းကျော့ဂိတ်တွင် လက်ရှိ ၂ လမ်းဖြင့် ကုန်စည်စီးဆင်းနေရာမှ ၄ လမ်းဖြင့် လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံဘက်မှ မူအားဖြင့် သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ဒေါက်တာသန်းမြင့်က ဆက်လက်ပြောသည်။

ထိုကဲ့သို့ ၄ လမ်းဖြင့် ကုန်စည်စီးဆင်းနိုင်ရန် လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံဘက်မှ လုံခြုံရေးအတွက် ကုန်သည်များထံမှ လက်ဗွေယူခြင်း၊ မျက်နှာများကို ဓာတ်ပုံရိုက်ခြင်းတို့ကြောင့် ကြန့်ကြာမှုများရှိနေခဲ့သည့်အတွက်  ဖြေလျော့ပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဘက်မှလည်း ဖရဲ၊ သခွား တင်ပို့သူများ၏ အတွက် သတင်းအချက်အလက်များကိုပေးပို့သွားရမည်ဖြစ်ကြောင်းသိရသည်။

“ကားတွေပိတ်နေတယ်။ သိပ်မတက်ကြနဲ့။  ဒါမျိုးလည်းပေးသလို တစ်ဖက်ကလည်း လုံခြုံရေးဆိုတဲ့ အပိုင်းကလည်း  တစ်စုံတရာ ရှိတာကလည်း တတ်နိုင်သရွေ့့ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒါလေးက အမြန်ဆုံးဖြေရှင်းနို်င်မှာပါ။ရေရှည်ကိစ္စကတော့ အချိန်တွေလည်းရတယ်လေ။ နောင်ဒီလို မဖြစ်အောင် ငါတို့က ဒါ နှစ်ဦးနှစ်ဖက် ဂိတ်ပေါက်တွေ ဘယ်လို အပြန်အလှန်ဖွင့်ကြမလဲ။ ဘယ်လို အပြန်အလှန်  ခုနက ဝန်ထမ်းတွေ ထားမလဲ ။ တစ်ဖက်ကလည်း နှစ်ဦးနှစ်ဖက် လုံခြုံရေး ဘယ်လိုလုပ်ကြမလဲ ။ ဒါဆွေးနွေးခဲပါတယ်။ အောင်မြင်ပါတယ်။  အသေးစိတ်ကတော့ အမြန်ဆုံးဖြေရှင်းစရာရှိတာပေါ့”ဟု စီးပွားကူးသန်းဝန်ကြီးက ပြောကြားသည်။

လက်ရှိကာလသည် တရုတ်နိုင်ငံဘက်သို့ ဖရဲ၊ သခွားကုန်စိမ်း တင်ပို့သည့် အဓိကအချိန်ဖြစ်သည့်အတွက် ကျင်စန်းကျော့ဂိတ်ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရသည့်အတွက် ကုန်သည်များ ၊ တောင်သူများအနေဖြင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုကဲ့သို့ဆုံးရှုံးမှုများအပေါ်တွင် ဝန်ကြီးဌာနဘက်မှ စာနာကြောင်းနှင့် လတ်တလောတွင် နစ်နာမှုများကို ပြန်လည်ပေးနိုင်ရန် အစီအစဉ်မရှိသေးကြောင်း ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကတည်းက ဂိတ်ပိတ်ထားသည့်အတွက် ဖရဲနှင့်သခွားစိုက်သည့်တောင်သူများနှင့် ကုန်သည်များထံတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။

စိုက်ခင်းတစ်ခင်းအတွက် ထည့်သွင်းရသည့်ကုန်ကျစရိတ်များတွင် အလုပ်သမားခ၊ ရေသွင်းခဆီဖိုး၊ ဆေးဝါးစရိတ်များအပါအဝင် တင်ပို့ရသည့် ကားခများအထိ ထည့်သွင်းတွက်ချက်ရာတွင် များပြားနေပြီး လက်ရှိပိတ်ဆို့မှုဖြစ်စဉ်များကြောင့် တောင်သူများတွင် ထိုစရိတ်များအထိပါ ဆုံးရှုံးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ဘုတလင်မြို့နယ်ရှိ လက်ရှိ ၄၅ ဧက လုပ်ကိုင်နေသော ဖရဲစိုက်တောင်သူ  ဦးသစ္စာက ပြောသည်။

အစိုးရထံတွင် ရေတို၊ ရေရှည် အစီအစဉ်များ ရှိနေပေမယ့် လက်တလော ပိတ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းပေးရန်လိုအပ်နေကြောင်း ၄င်းကပြောခဲ့သည်။

အဆိုပါ လမ်းပိုင်းပိတ်ဆို့မှုများကြောင့် တင်ပို့ရသည့် ကားခများလည်း မြင့်တက်နေပြီး ယခင် ၃ ရက်နီးပါးခန့်သွားရသည့်အချိန်ထက် ယခုတွင် ၅ ရက်ခန့်သွားရနေသည့်အတွက် သစ်သီးများတွင်လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှ ဖရဲ၊ သခွားစိုက်ပျိုး ရောင်းချသူ တောင်သူတစ်ဦးမှ မဇ္ဈိမသို့ပြောသည်။

“အနှစ်ချုပ်ကြည့်လိုက်ရင် ဒီလမ်းကပွင့်မှကောင်းမှာလေ ။တောင်သူကလည်း ပွင့်ချင်တယ်။ ပွဲစားကုန်သည်တွေကလည်း ပွင့်ချင်တယ်။အားလုံးကားသမားတွေကလည်း ပွင့်ချင်တယ်”ဟု ၄င်းကပြောသည်။

သစ်သီးဝလံတင်ပို့မှုတန်ချိန်သည် တစ်နှစ်နှင့် တစ်နှစ် ပိုမိုများပြားလာသည့်အတွက် ယခုဂိတ် ပြန်လည်ဖွင့်လှစ်ပါက ယူနန်ပြည်နယ်ဘက်သို့ ဖရဲ၊သခွား တန်ချိန် တစ်သန်းခန့်  ပို့နိုင်မည်ဟု ရည်မှန်းထားကြောင်း စီပွားကူးသန်းဝန်ကြီး ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly