သစ္စာစီမံချက်ဖြင့် ၈ လအတွင်း နိုင်ငံသားစိစစ်ရေးကတ် နှစ်သိန်းနီးပါး ထုတ်ပေးခဲ့

သစ္စာစီမံချက်ဖြင့် ၈ လအတွင်း နိုင်ငံသားစိစစ်ရေးကတ် နှစ်သိန်းနီးပါး ထုတ်ပေးခဲ့

စစ်ကိုင်း၊ ဇန်နဝါရီ ၈ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး အလုပ်သမား၊လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ၂၀၁၈ ဇွန်လမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလအထိ ၈ လအတွင်း နိုင်ငံသားစိစစ်ရေးကတ် နှစ်သိန်းနီးပါးကို ထုတ်ပေး နိုင်ခဲ့ကြောင်း တိုင်းလ.ဝ.က ညွှန်ကြားရေးမှူး ဦးယဉ်ထွေးမှ ပြောသည်။

 

တိုင်းအတွင်း(၃၈)မြို့နယ်ရှိ လ.ဝ.ကမြို့နယ်ဦးစီးရုံးများမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုကြောင့် ကျောင်းသား၊ကျောင်းသူများ၊အရပ်သူ၊အရပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

" ကတ်ပြားတွေထုတ်ဝေပေးဖို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်သားအရည်အချင်းပြည့်မှီသည့် ဥပဒေနဲ့ အညီစစ်ဆေးတာတွေ၊၁၀ နှစ်ပြည့် မှတ်ပုံတင်၊၁၈နှစ်ပြည့် လဲလှယ်တာတွေ၊ နိုင်ငံသားအရည် အချင်း ပြည့်မှီကြောင်း စိစစ်ပြီးသောသူ အားလုံးကို နိုင်ငံသားစိစစ်ရေး ကတ်ပေါင်း နှစ်သိန်းနီးပါး ထုတ်ဝေပေး နိုင်ခဲ့ပါ တယ်။ အခုလို လုပ်ဆောင်ပေးရတာက ကျွန်တော်တို့ဌာနရဲ့ သစ္စာစီမံချက်နဲ့ လုပ်ဆောင်ပေးတာပါ " ဟု တိုင်းညွှန်ကြားရေးမှူး ဦးယဉ်ထွေးမှ မဇ္ဈိမသို့ ပြောသည်။

 

ပြည်သူများအနေဖြင့် မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲမရှိစေရန် သက်ဆိုင်ရာ လ.ဝ.ကမြို့နယ်ရုံးများတွင် အသိပညာပေး ဆိုင်းဘုတ်များ၊ အသံချဲ့စက်ဖြင့် လုပ်ထုံးလုပ်နည်း ကြေငြာခြင်းများ ပြုလုပ်နေထားကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီ ၈ ရက်နေ့တွင်လည်း မြောင်မြို့နယ် လ.ဝ.ကဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကဒ် (၄၅၀၅)ကဒ် ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly