လူသားချင်းစာနာထောက်ထားရေးနဲ့ အမျိုးသားလုံခြုံရေး အကျပ်အတည်းအကြောင်း သမ္မတ ထရမ့်က နိုင််ငံတော်မိန့်ခွန်း ပြောကြားမည်

လူသားချင်းစာနာထောက်ထားရေးနဲ့ အမျိုးသားလုံခြုံရေး အကျပ်အတည်းအကြောင်း သမ္မတ ထရမ့်က နိုင််ငံတော်မိန့်ခွန်း ပြောကြားမည်
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၈ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်ဧရိယာနဲ့ ပတ်သက်ပြီး ‘လူသားချင်းစာနာထောက်ထားရေးနဲ့ အမျိုးသားလုံခြုံရေး အကျပ်အတည်း’ဆိုင်ရာ နိုင်ငံတော်မိန့်ခွန်းကို ဇန်နဝါရီ ၈ ရက် အရှေ့တိုင်းစံတော်ချိန် ည ကိုးနာရီမှာ ဟောပြောမယ်လို့ ဆိုပါတယ်။

အခု သီတင်းပတ်အတွင်းမှာပဲ အဲဒီ အမေရိကန်-မက္ကဆီကို နယ်စပ်ဆီ သမ္မတထရမ့် သွားရောက်ဖို့ ရှိနေကြောင်း ၎င်းရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

အမေရိကန်ရဲ့ တောင်ပိုင်း မက္ကဆီကို နယ်စပ်မှာ လက်တင်အမေရိကနိုင်ငံတွေကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူ စီးဝင်မှုကြီး ရောက်ရှိနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထဲ ခိုးဝင်လာသူတွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ ဖြိုခွင်းတာတွေလည်း လုပ်ဆောင်နေရပါတယ်။

ဒီ နယ်စပ်အရေးအတွက် ထရမ့်ဟာ မဲဆွယ်စဉ်က ကတိပေးထားတဲ့အတိုင်း မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း ကာရံရေးအတွက် အစိုးရအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါပေမယ့် အဲဒီဘတ်ဂျက်ကို ဒီမိုကရက်တွေ အများစုဖြစ်တဲ့ အောက်လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် အစိုးရယန္တရားအချို့ တန့်ရပ်မှုတွေလည်း ဖြစ်နေပါတယ်။

ဒီမိုကရက်တွေက နယ်ခြားတံတိုင်း ရန််ပုံငွေမပါတဲ့ အစိုးရအသုံးစရိတ်ကို အတည်ပြုပေးပေမယ့် သမ္မတ ထရမ့်ဟာ နယ်ခြားတံတိုင်း တည်ဆောက်ရေး ရန်ပုံငွေရဖို့ လိုအပ်ရန် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ဒီလို နိုင်ငံရေး ချောင်ပိတ်မိနေတဲ့ အခြေအနေမှာ သမ္မတ ထရမ့်ဟာ ‘လူသားချင်းစာနာထောက်ထားရေးနဲ့ အမျိုးသားလုံခြုံရေး’ဆိုင်ရာ အကြောင်းအရာကို နိုင်ငံတော်မိန့်ခွန်း ပြောကြားဖို့ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly