ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ အရိုးပြာများကို မိသားစုဝင်များသို့ ပြန်ပေးနိုင်ရေး ဆောင်ရွက်မည်ဟု ရဲချုပ် ပြော

ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ အရိုးပြာများကို မိသားစုဝင်များသို့ ပြန်ပေးနိုင်ရေး ဆောင်ရွက်မည်ဟု ရဲချုပ် ပြော
ဇန်နဝါရီလ ၇ ရက်က အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တွေ့ဆုံပွဲတွင် ကျန်ရစ်သူ မိသားစုဝင်တစ်ဦး ငိုကြွေးနေစဉ်။ ဓာတ်ပုံ-ဟိန်းထက်၊ EPA

ဘူးသီးတောင် ၊ ဇန်နဝါရီ ၈ ။           ။ ဘူးသီးတောင်ရဲကင်းစခန်းများမှ ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ အရိုးပြာများကို မိသားစုဝင်များက တောင်းဆိုခဲ့ကြသည့်အတွက် ပြန်ပေးရန် လုပ်ဆောင်ပေးမည်ဟု  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြောသည်။

ဇန်နဝါရီလ ၇ ရက်၊ ဘူးသီးတောင်မြို့နယ်၊ သပြေတောင်ကျေးရွာ၌ ပြုလုပ်သော အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တွေ့ဆုံပွဲတွင် ကျဆုံးရဲတပ်ဖွဲ့များ၏ မိသားစုဝင်များနှင့်တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

"ခရီးဝေးကွာတာရယ်၊ တိုက်ပွဲအနေအထားတွေလဘ်း မငြိမ်းအေးသေးဘူး။ ပို့ပေးဖို့ကလည်း မကောင်းဘူး။ လာသယ်ဖို့ကလည်း အရင်တုန်းကလို ငြိမ်မကျသေးဘူး။ မတတ်သာတဲ့အဆုံး ဟိုမှာပဲ တပ်ဖွဲ့အခမ်းအနားနဲ့ သင်္ဂြိုလ်ဖို့ကို မနေ့က ဆုံးဖြတ်လိုက်ရတယ်။ သို့သော် အရိုးပြာကိုတော့ ကျွန်တော်ယူပေးပါ့မယ်။ ဓာတ်ပုံတွေဘာတွေတော့ ရိုက်ထားတယ်ထင်ပါတယ်။ ကိုယ်ချင်းစာပါတယ်" ဟု ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ကျဆုံးသွားသော အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး စိုင်းဘိုဟန်၏ အစ်ကိုတော်စပ်သူ ဦးအောင်အေးကြူကို ပြောသည်။ 

သို့ရာတွင် အခက်အခဲများကြောင့် ဇန်နဝါရီလ ၆ ရက်က ကျဆုံးသည့်နေရာတွင် ရဲတပ်ဖွဲ့အခမ်းအနားဖြင့် သင်္ဂြိုလ်ရန် ဆုံးဖြတ်လိုက်ကြောင်း ရဲချုပ်က ဆိုသည်။

အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး စိုင်းဘိုဟန်၏ အစ်ကိုတော်စပ်သူ ဦးအောင်အေးကြူက " ကျွန်တော့ညီလေးရဲ့ Deadbody လိုချင်လို့ လာတာပါ။ အနေအထားအရ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်" ဟု ပြောသည်။ ဆက်လက်ပြီး " ဒီလိုဖြစ်စဉ်မျိုးလည်း နောင် မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့ညီလေး ဒီတိုင်းပြည်အတွက်၊ ဒီတိုင်းရင်းသားတွေအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်က ဝမ်းနည်းသော်လည်းပဲ ဂုဏ်ယူပါတယ်။ ကျွန်တော် ဒါကို ပြောကြားလိုပါတယ် " ဟု ၎င်း က ဆိုသည်။

ကျန်ရစ်သူ မိသားစုဝင်များက  ရုပ်အလောင်းကို ဇာတိနေရပ်ဒေသသို့ ပြန်သယ်သွားလိုသူများရှိနေပြီး အရိုးပြာ ပြန်သယ်သွားလိုသူ မိသားစုဝင်များလည်း ရှိနေသည်။ 

" အရိုးပြာလေးတော့ ရအောင် တောင်းပေးပါ အဘရယ်" ဟု ကျဆုံးသူ ရဲတပ်သားကိုလတ်၏ အစ်မဖြစ်သူ မအေးမိစံက ပြောသည်။ အဆိုပါ ရဲတပ်သား မသေဆုံးခင် ရေးသားသွားသော ကဗျာတစ်ပုဒ်အကြောင်း လူမှုကွန်ရက်တွင်လည်း ပျံ့နှံ့နေသည်။

ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ၊ ဂုပ္ပိ၊ ကျောင်းတောင်နှင့် ငမြင်းမော် ရဲကင်းစခန်းလေးခုတို့ကို ဇန်နဝါရီ ၄ ရက်၊ နံနက်ပိုင်းတွင် ရက္ခိုင့်အဖွဲ့AA က တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

"ကျွန်မ မောင်လေးရဲ့ အရိုးပြာ လိုချင်တယ်။ရအောင် လုပ်ပေးပါ။ လွိုင်ကော်ပြန်ချင်လို့" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ 

ရဲချုပ်အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် အတိုင်းအတာကို ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ပြီး " ခုလည်း ဒီကနေ ပြန်သွားတာနဲ့ အခြားဝန်ကြီးဌာနတွေနဲ့ညှိပြီးတော့ ကျွန်တော် မိသားစုတွေအတွက် ပံ့ပိုးနိုင်မဲ့ကိစ္စလေးတွေလည်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခု တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီလ ၇ ရက်က နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့်အတူ  ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မောင်တောဆေးရုံတွင် ဒဏ်ရာကုသမှုခံယူနေသောရဲတပ်ဖွဲ့များကို တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတာဝန်များထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ရသော ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly