AA ကို နှိမ်နင်းရေးနှင့် စစ်ဆင်ရေး လုပ်ဆောင်ရန် အစိုးရက တပ်မတော်ကို ညွှန်ကြား

AA ကို နှိမ်နင်းရေးနှင့် စစ်ဆင်ရေး လုပ်ဆောင်ရန် အစိုးရက တပ်မတော်ကို ညွှန်ကြား
Photo: Hein Htet/EPA

နေပြည်တော် (ဇန်ဝါရီလ ၈ ရက်၊ ၂၀၁၉ခုနှစ်) ။    ။ အစိုးရအနေဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကို သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ကာ နှိမ်နင်းရေးနှင့် စစ်ဆင်ရေးများ ထိရောက်စွာ လုပ်ဆောင်ရန်လည်း တပ်မတော်ကို ညွှန်ကြားထားပြီး ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးက ပြောကြားလိုက်သည်။

လွတ်လပ်ရေးနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ် နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက သမ္မတအိမ်တော်တွင် ဇန်နဝါရီ ရရက်၊ ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ (သတင်း)ထုတ်တာ အေအေ သောင်းကျန်းသူအဖွဲ့ ဖြစ်ပါတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူ နှိမ်နင်းရေး၊ စစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျွန်တော်တို့ သမ္မတရုံးအနေနဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဘူးသီးတောင်မြို့နယ်ရှိ ခထိလှ၊ ဂုပ္ပိ၊ ကျောင်းတောင်နှင့် ငမြင်းမော် ရဲကင်းစခန်းလေးခုတို့ကို ဇန်နဝါရီ ၄ရက်၊ နံနက်ပိုင်းတွင် AA က တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရဲကင်းစခန်း လေးခုကို AA က တစ်ပြိုင်နက် ဝင်တိုက်ပြီးနောက် တပ်အင်အား တိုးမြှင့်သုံးစွဲရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ် သုံးစွဲရန် သမ္မတရုံးက တပ်မတော်ကို ညွှန်ကြားထားပြီးဖြစ်သည်ဟုလည်း ဦဇော်ဌေးက ပြောကြားသည်။

“သမ္မတရုံးကနေပြီးတော့ ကကကြည်းကို ညွှန်ကြားချက်ထွက်ပါတယ်။ အဲ့ဒီ ညွှန်ကြားချက်က ဘာလည်းဆိုတော့ AA ကနေ ရဲစခန်းတွေ တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့ နေရာမှာ တပ်မတော်၊ တပ်အင်အားတွေ တိုးမြှင့်သုံးစွဲဖို့၊ နောက် လိုအပ်ရင် လိုအပ်သလို ရဟတ်ယာဉ်တွေ သုံးစွဲဖို့ ဒါတွေကို ညွှန်ကြားချက် ထုတ်တဲ့အတွက် တပ်မတော်က လုပ်ထားပြီး၊ လုပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

အာဆာ(ARSA)အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်မည်ဟူသည့် သတင်းများကြောင့် မောင်တောဒေသတွင် လုံခြုံရေး တိုးမြှင့်ချထားချိန်တွင် ဒေသခံပြည်သူများကို အကာအကွယ်ပေးရန် လုံခြုံရေးဆောင်ရွက်နေသည့် ဘူးသီးတောင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်သည့် AA ၏ လုပ်ရပ်မှာ “နောက်ကျောကို ဇက်ပိုးသိပ်တဲ့ ပုံစံ” ဟုလည်း  ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အထက်ပါ ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ၊ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာပြီးနောက် အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် အချိန် နှစ်နာရီခွဲကြာ ပြုလုပ်ခဲ့သည်ဟုလည်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးအတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးတို့အပြင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တို့ တက်ရောက်ကြသည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စခန်းတွေ ကျသွားရတဲ့ အကြောင်းအရင်းကိုလည်း ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးတယ်။ ဆွေးနွေးပြီး အမြန်ဆုံး ဒီဒေသလုံခြုံရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်သွားမယ့် အနေအထားတွေ၊ ဆက်ဆောင်ရွက်မယ့် ဟာတွေတော့ အသေးစိတ်တော့ ပြောဖို့ မရှိဘူး။ အဲ့ဒါတွေကိုတော့ အမြန်ဆုံး ဦးစားပေးပြီး လုပ်သွားမှာပေါ့” ဟု ဦးဇော်ဌေးက ယနေ့ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ရဲကင်းစခန်းများကို တိုက်ခိုက်ခြင်းမှာ တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွာမှုတွင် နယ်ခြားစောင့်တပ်ဖွဲ့များက ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly