အပြောင်းအလဲအတွက် အင်န်အယ်လ်ဒီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖို့ လိုသလား

အပြောင်းအလဲအတွက် အင်န်အယ်လ်ဒီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖို့ လိုသလား

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ပြုလုပ်တဲ့ ပါတီ အမတ်လောင်း မိတ်ဆက်ပွဲနဲ့ ပါတီဝင်များ တွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုး အမတ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရည်ရွယ်ပြီး စစ်မှန် တဲ့ အပြောင်းအလဲကို လိုလားရင် ပြည်ခိုင်ဖြိုးပါတီနဲ့ လက်တွဲဖို့ ပြောဆိုလိုက်ပါတယ်။ သူဟာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ တစ်ယောက်ဖြစ်တာမို့ သူ့ ပြောဆိုချက်ဟာ အရေးကြီးပါ တယ်။ သူပြောသလို အင်န်အယ်လ်ဒီ အနေနဲ့ တကယ့် အပြောင်းအလဲ ဖြစ်ပေါ်ဖို့ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖို့ လိုသလား၊ လက်တွဲတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ၊ အင်န်အယ်လ်ဒီ အဖွဲ့အနေနဲ့ ဘယ်လို စဉ်းစားသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးလှဌေးဝင်း ပြောတာက ခုလိုပါ။ “ ပြောင်းလဲဖို့ လိုပြီ၊ ပြောင်းလဲ ချိန်တန်ပြီလို့ ပြောဆို ဝေဖန်နေမယ့်အစား တကယ် စစ်မှန်တဲ့ ပြောင်းလဲမှုကို လိုလားရင် ကျွန်တော်တို့နဲ့ လက်တွဲပြီး အများပြည်သူ တမ်းတနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖော်ဆောင်မှုမှာ အတူတကွ ပါဝင်ကြဖို့ ဒီနေရာကနေ လက်ကမ်း ကြိုဆိုကြောင်း ပြောကြားလို ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့နဲ့ ဘယ်လို လက်တွဲပြီး ဒီမိုကရေစီကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။ သူ့ ပြောစကားကို ဝေဖန် ဆန်းစစ်ကြည့်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီဆိုတာ ဘယ်လိုမျိုးလဲ၊ အင်န်အယ်လ်ဒီ က ဘယ်လိုမျိုး လဲ၊ လက်ရှိ ရောက်နေတဲ့ အနေအထားက ဘယ်လိုလဲဆိုတာ အရင် ကြည့်ဖို့ လိုပါတယ်။

ပြည်ခိုင်ဖြိုး ပါတီဆိုတာဟာ အရင် စစ်အစိုးရ ခေါင်းဆောင်တွေက ဖွဲ့စည်းပေးသွားတဲ့ ပါတီ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု လွှတ်တော်ထဲ ရောက်နှင့်နေပြီးတဲ့ တပ်မတော်သား အမတ်တွေနဲ့ ရွေးကောက်ခံရတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေပေါင်းပြီး တိုင်းပြည်ရဲ့ အထွတ်အထိပ် သမ္မတတစ်ယောက် ရွေးချယ်နိုင်ရေးပဲ ဖြစ်ပါတယ်။

ပြောရရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ ပေါင်းပြီး ရွေးကောက်ပွဲကနေ တဆင့် အစိုးရအာဏာကို ရယူနိုင်ရေး ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်နေသူတွေကို ကြည့်ရင် အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လတ်တ လောကမှ ရွေးကောက်ပွဲဝင်ဖို့ ပါတီထဲ ကူးပြောင်းလာတဲ့ စစ်ဗိုလ်ချုပ်တွေဆိုပြီး တွေ့ရမှာ ဖြစ်ပါ တယ်။ ဒါကိုကြည့်ရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် တစ်သားတည်း ရှိတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ပါ။ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကလည်း ဒီအချက်ကို ဝန်ခံ ပြောဆို ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာ လွှတ်တော်ထဲရောက်ရင် တပ်မတော်သား အမတ်တွေနဲ့ ပေါင်းမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ အသာစီး ရထားပြီးပြီ ဖြစ်ပါတယ်။ ဒီအတွက် ပြည်ခိုင်ဖြိုး အနေနဲ့ အင်န်အယ်လ်ဒီ ပါတီနဲ့ ရေရှည်မှာ လက်တွဲ ပူးပေါင်း ဆောင်ရွက်လို တယ်ဆိုရင် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိရှိ ရင်ဆိုင် ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်။ အကြောင်း ကတော့ လက်ရှိရွေးကောက်ပွဲ ကိုဒိုင်အဖြစ် ကျင်းပမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆိုသူဟာ ပြည်ခိုင်ဖြိုး အမတ်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဖြစ်နေတာ၊ ဒါတင်မက ကော်မရှင် အဆင့်ဆင့်ရဲ့ တာဝန် ရှိသူတွေဟာလည်း တပ်မတော်ဘက်ကနေ ကူးပြောင်း တာဝန်ပေး ခံရသူတွေ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ဟာလည်း တပ်မတော်ဘက်က စီမံခန့်ခွဲတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်နေပါတယ်။ ဒီအတွက် အဘက်ဘက်ကနေ အသာစီး ရနေပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရိုးရိုး သားသား မျှမျှတတ ရင်ဆိုင် ယှဉ်ပြိုင်ဖို့ လိုပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ ပြည်သူလူထုရဲ့ ထောက်ခံ မှုကို ရဖို့ ရိုးရိုးသားသား မဲဆွယ်စည်းရုံးနေကြတာကို တွေ့နိုင်ပါတယ်။ အခြား တစ်ဘက်မှာတော့ ဘာသာရေး ဆန်တဲ့ အဖွဲ့အစည်း တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီကို မဲမပေးဖို့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်ကြရပါတယ်။ ပြောရရင် လာမယ့်ရွေးကောက်ပွဲ မှာ ပါတီတွေဟာ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ရဖို့ လိုသလို၊ ပြည်သူတွေဟာလည်း သူတို့တွေရဲ့ ကိုယ်စားလှယ်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်ခွင့်ရဖို့ လိုပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲချင်ရင် ရွေးကောက်ပွဲကြီးမှာ တရားမျှတမှုရှိရှိ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို တရားမျှတမှု ရှိပြီး လွတ်လပ်မှုရှိအောင် ဝိုင်းပြီး ကူညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလို တရားမျှတမှု ရှိရှိ ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြည်ခိုင်ဖြိုး အမတ်တွေ ပြည်ထောင်စု လွှတ်တော်ထဲ ရောက်သွားတဲ့ အခြေအနေရောက်မှသာ အင်န်အယ်လ် ဒီ ပါတီနဲ့ တိုင်းပြည် ကောင်းရာကောင်းကျိုး လက်တွဲ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ အနေနဲ့ကတော့ လက်ရှိအခြေအနေဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလ ဖြစ်တဲ့အတွက် ပြည်သူကို စည်းရုံးရမှာပဲ ဖြစ်ပါတယ်။ ပြည်သူကို စည်းရုံးရာမှာလည်း လက်ရှိ အခြေအနေကနေ အပြောင်းအလဲ လုပ်မယ့် ပါတီဖြစ်တဲ့အတွက် ပြောင်းလဲဖို့ လိုပြီ၊ ပြောင်းလဲချိန် တန်ပြီလို့ စည်းရုံးတာကလည်း သဘာဝ ကျပါတယ်။ ဒါဟာ ဘယ်သူ့ကိုမှ ဝေဖန်တိုက်ခိုက်တဲ့ သဘော မသက်ရောက်ပါဘူး။ အင်န်အယ်လ်ဒီအနေနဲ့ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ခွင့်ရ အောင် ပြည်သူ့မဲတွေ တောင်းခံနေခြင်းပဲ ဖြစ်ပါတယ်။

တကယ့်တကယ် တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် အင်န်အယ်လ်ဒီဟာ တပ်မ တော်ကို စည်းရုံးဖို့၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အကြောင်းကတော့ တပ်မ တော်ဟာနိုင်ငံရေး မှာပါဝင်ပတ်သက်မှုတွေ ရှိနေပြီး သမ္မတတစ်ယောက် ရွေးနိုင်၊ ဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအရ အလိုအလျောက် ၂၅ ရာခိုင်နှုန်းနေရာ ရယူ ထားလို့ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ အဲလို မဟုတ်ပါဘူး။ သူဟာ နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ အားလျော်စွာ ပြည်သူလူထုက သူတို့ကို ဘယ်လောက် ထောက်ခံသလဲ၊ ဘယ်လောက် မဲပေးမလဲ၊ ပြည်ထောင်စု လွှတ်တော်ထဲ ပြည်ခိုင်ဖြိုး အမတ် ဘယ်လောက်ရောက် လာမလဲ ဆိုတဲ့ အခြေအနေအပေါ် မူတည်ပါတယ်။ ပြည်သူလူထုက များများ ထောက်ခံလို့ လွှတ်တော်ထဲ အမတ်များများ ရောက်လာရင် များများ ဂရုစိုက်ရမှာ ဖြစ်ပြီး လက်တွဲ ဆောင်ရွက်သင့် ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပြည်သူလူထုက ထောက်ခံမှုနည်းလို့ အမတ် အရေအတွက် နည်းနည်းပါးပါးပဲ ရောက်လာရင်တော့ လက်တွဲဖို့ လိုမလို အင်န်အယ်လ်ဒီ ဘက်ကပဲ ဆုံးဖြတ်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags