၂၅ + ၂၆ = ၅၁ စီမံကိန်းနှင့် ရွှေ့ပြောင်း တပ်မတော် ဖိအား

၂၅ + ၂၆ = ၅၁ စီမံကိန်းနှင့် ရွှေ့ပြောင်း တပ်မတော် ဖိအား

နိုဝင်ဘာ ၈ တွင် ကျင်းပေတော့မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှုနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်မကင်း ဖြစ်ကြသည်။ အာဏာရှင် စစ်အစိုးရ အဆက်ဆက်က ပေးခဲ့ သော ကတိစကားများကို ဗိုလ်ချုပ်ကြီးများသည် မတည်ခဲ့ကြသောကြောင့် လာမည့် ရွေးကောက်ပွဲ သည်လည်း ဟုတ်မှ ဟုတ်ပါ့မလားဟု သံသယ ထားကြသည်။

အယုံမလွယ်ခြင်း၊ သံသယကြီးခြင်းသည် ဆိုးညစ် ယုတ်မာတတ်သူများနှင့် ဆက်ဆံရလျှင် ပိုမို သတိထားရသည် ဖြစ်ရာ ပြည်သူများ၏ စိုးရွံ့မှုများကို လွန်သည်ဟု ကျွန်ုပ်တို့ မပြောနိုင်ပါ။ ရွေးကောက်ပွဲ၏ အရေးကြီးဆုံးနှင့် အခြေခံ အပိုင်းဖြစ်သည့် မဲစာရင်း ထုတ်ပြန်ခြင်းတွင် လူညစ်နှင့် ဆော့ဖ်ဝဲအပြစ် ပေါင်းစပ်လိုက်သောအခါ ထုတ်ပြန်သလောက် အမှားချည်းသာ ဖြစ်နေတော့သည်။

မြန်မာသည် စာရင်းဇယား အားနည်းသော တိုင်းပြည် ဖြစ်သော်လည်း လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်သော အလုပ်ကို အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် ခက်ခဲ ရှုပ်ထွေးစေရန် ဖန်တီးခဲ့ကြသောအခါ မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲအပေါ်တွင် အနည်းနှင့်အများ ဆိုသ လို စိတ်ပျက် သွားကြသည်။ အခြားတစ်ဘက်တွင်လည်း ကော်မရှင်၏ အလွဲလွဲ အချော်ချော် ဆောင်ရွက်မှုများကြောင့် မဲဆန္ဒရှင် ပြည်သူများသည် မဖြစ်မနေ မရရအောင် မဲပေးကြလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ နီးလာချိန်တွင် အလဲလဲ အကွဲကွဲ ဖြစ်နေသည်ကို သြဂုတ် ၁၂ ညဉ့်သန်းခေါင်ယံ ပါတီတွင်း အာဏာသိမ်းပြီးနောက် တွင် ဖြစ်ပျက်လျက်ရှိသော ဖြစ်ရပ်များက သက်သေခံနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ပါတီဌာနချုပ် တည်ရှိရာ နေပြည်တော်တွင် ကျင်းပသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ပရိ သတ်များကို ရုပ်ပျက်ဆင်းပျက် အသံထွက်ကာ တောင်းပန် ဖျောင်းဖျခဲ့ရသည်။

အာဏာရပါတီသည် ပြည်သူများ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲ မဝင်၊ လူထုထောက်ခံမှု မရှိဘဲ လွှတ်တော်တွင်း အခန့်သား ဝင်ထိုင်ကြမည့် စစ်တပ် ကိုယ်စားလှယ် များနှင့် ပူးပေါင်း၍ အစိုးရသစ်ကို ဖွဲ့စည်းနိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက ဝေဖန် သုံးသပ်ကြသည်။ ယင်းကို ၂၅+၂၆=၅၁ စီမံကိန်းဟုပင် ပြောထိုက်သည်။ ယင်းစီမံကိန်း အလုပ်ဖြစ် စေရန် နည်းပေါင်းစုံဖြင့် ကြိုးစားနေရရာ ယခုအခါ ရွှေ့ပြောင်း တပ်မတော်ဟုပင် နိုင်ငံရေးသမားများ ကြား ဝေဖန်သံကို ကြားရသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် မဲစာရင်းကို လိုတိုးပိုတိုး လုပ်နိုင်ရန် ရွှေ့ပြောင်း တပ်မတော်များကို များများစားစား တွေ့မြင်လာနိုင်ချေ ရှိနေသည်။ အထူးအားဖြင့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးရန် အလှမ်းဝေးပြီး တပ်နေရာကဲ့သို့ ဖြစ်နေသော မဲဆန္ဒနယ်များတွင် ဖြစ် သည်။ ဥပမာအားဖြင့် ကိုကိုးကျွန်း မဲဆန္ဒနယ်ကို စောကြော ကြည့်နိုင်သည်။

ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရေး ရည်ရွယ်ချက်ဖြင့် သွားရောက်လိုသော အတိုက်အခံ ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများကို သွားခွင့်မပြုဘဲ စစ်ဗိုလ် ချုပ်ကြီးဟောင်းသာ မဲဆွယ်ရန် သွားရောက် နိုင်လေသည်။ ယင်း မဲဆန္ဒနယ်တွင်ပင် တပ်ပြောင်း တပ်ရွှေ့ မဲစာရင်းများ ပေါင်းစပ် ပါဝင်နေကြောင်း ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးက မကြာမီက ထုတ်ဖော် ပြောဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် မကျင်းပမီကပင် အနံ့အသက် ကြိုင်သင်းခြင်း မရှိ တော့သည်မှာ သေချာသည်။ သို့သော် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လွတ်လပ်မျှတသော ရွေးကောက် ပွဲအဖြစ် ကျင်းပမည်ဟု ပြောသည်။

မြန်မာမှသည် ကမ္ဘာသို့တိုင် ကြိုင်သင်းသင့်သော ရွေးကောက်ပွဲ ရလဒ်သည် ယခုအခါ ရွှေ့ပြောင်း တပ်မတော်ဆိုင်ရာ မဲစာရင်းများ၏ ဖိအားအောက် အနှေးအမြန် ကျရောက် နိုင်နေ သည်ကို တွေ့ရသဖြင့် ဆိုခဲ့ပါ လူကြီးများ၏ ကတိစကားများသည် ယခင်အကြိမ်များ အတိုင်း ပျက်ယွင်းသွားမည်ကို မဇ္ဈိမက စိုးရိမ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags