အောင်ရဲထွေးသေဆုံးမှုမှ ဖမ်းဆီးခံထားရသူသုံးဦးကို လူသတ်မှုနှင့် ပူပေါင်းကြံစည်မှုများဖြင့် စွဲချက်တင်

By ထွန်းထွန်းဝင်း
07 January 2019
အောင်ရဲထွေးသေဆုံးမှုမှ ဖမ်းဆီးခံထားရသူသုံးဦးကို လူသတ်မှုနှင့် ပူပေါင်းကြံစည်မှုများဖြင့် စွဲချက်တင်
ဓာတ်ပုံ - အောင်ရဲထွေးဖေ့စ်ဘုတ်

ရန်ကုန်၊ ဇန်နဝါရီ ၇ ။         ။ ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူသုံးဦးကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ ဇန်နဝါရီလ ရရက်နေ့မှာ အရှေပိုင်းခရိုင်တရားရုံးက စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

အဆိုပါအမှုအတွက် တရားစွဲဆိုခံထားရသူသုံးဦးအနက် သန်းထွန်းအောင်(ခ) သားကြီး နဲ့ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ ၊ ပိုဒ်ခွဲ (၂) နဲ့ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်မှုဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှုပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) / ၁၁၄ နဲ့ စွဲချက်တင်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။

 ထို့နောက် ရုံးချိန်းကို ဇန်နဝါရီလ တတိယအပတ်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး  ပြန်ခေါ်သက်သေ ၃ ယောက်ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ ဦးနှောက် ဖိညှပ်ခံရခြင်း၊ဦးနှောက်ဖူးယောင်ခြင်း စတဲ့ ဒဏ်ရာ လက္ခဏာများကြောင့် သေဆုံးခဲ့ကြောင်း တရားလိုပြသက်သေမှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်တွေအရ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးက တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက် စာမျက်နှာထက်တွင် ဟာသဗီဒီယိုများတင်ပြီး လူကြိုက်များလာခဲ့သည့် ဟာသ သရုပ်ဆောင် အောင်ရဲထွေး ( ရဲထွေးအောင်)သည် ဒီဇင်ဘာ ၃၁ ညပိုင်းတွင် လူတစ်စုမှ သံဖိနပ်များဖြင့် အုပ်စုဖွဲ့ ကန်ကြောက်ခံရခြင်းကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly