ရခိုင်တိုက်ပွဲကြောင့် ဒေသခံများ၏ နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိနေ

ရခိုင်တိုက်ပွဲကြောင့် ဒေသခံများ၏ နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိနေ

စစ်တွေ၊ ဇန်နဝါရီ ၆ ။              ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြောက်ပိုင်းရှိ ခထီးလှ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခထီးလှရွာမှ အိမ်ခြေအနည်းဆုံး ၇ လုံးထိ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံရွာသားများက အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် မဇ္စျိမသတင်းထောက်သို့ ပြောသည်။

“ အေးချမ်းမှုကိုလိုချင်တာပေါ့။ ကျွန်တော်တို့မှာလုပ်ကိုင်စားသောက်စရာလည်း တောင်ယာလည်းမသွားရဆိုတော့။ တော၊ တောင်ရှာ ဖွေစားသောက်ဖို့ရာ အခုတောကိုလည်း မသွားရပါ။ ကျွန်တော်တို့မှာ အခက်ခဲ အများကြီးပါဗျာ။ အခုတော့ နေ့လည်စာ စားစရာမရှိ။ ညစာလည်း စားစရာမရှိ အဲ့လိုဖြစ်နေပါတယ်။” ဟု နေအိမ်ဆုံးရှုံးခဲ့ရသည့် ခထီးလှရွာသား ဦးမြင့်အောင်က ဆိုသည်။

ဇန််နဝါရီ ၄ ရက်နေ့တိုက်ပွဲမှာ ခထီးလှရွာတွင် နံနက် ၆ နာရီခန့်မှ စတင်ဖြစ်ပွာခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီကျော်ခန့်တွင် နေအိမ်များ လက်နက်ကြီးထိကာ မီးလောင်ပျက်စီးသည်ကို ကြားသိရကြောင်းလည်း ၄င်းက ဆိုသည်။

အဆိုပါနေရာသို့ ၂ ရက်ကြာသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများအပြင်၊ ပရဟိတအလှူရှင်များလည်း လာရောက်ခြင်းမရှိ သေးသောကြောင့် အဆင်ပြေသလို နေထိုင်စားသောက်နေရကြောင်းလည်း ရွာသားများက မဇ္စျိမသတင်းထောက်သို့ ပြောသည်။

“ ရွာကထောက်ပံ့ပေးတယ်။ လောလောဆယ်တော့ ဆန်တစ်ဗူးနိုင်၊ နှစ်ဗူးနိုင်။ စပါးပါတယ်။ ရွှေ၊ ငွေတွေရော တစ်ခါတည်း အကုန်လုံးပါသွားတာ။ ဘာမှမရှိတော့ဘူး ကျွန်တော်တို့မှာ “ ဟု နေအိမ်ဆုံးရှုံးခဲ့ရသည့် ဦးအောင်လှအောင်က ပြောသည်။

ထို့ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ရွာသားများက လက်နက်ကိုင်တိုက်ပွဲများကို အလိုမရှိဘဲ ယခင်လို အတည်တကျ နေထိုင်စားသောက်ချင်ကြောင်းလည်း ဆိုသည်။

ထို့အပြင် နောက်နောင်တွင် တိုက်ပွဲများမဖြစ်ပွားကြဖို့နှင့် ၄င်းတို့ ဆုံးရှုံးခဲ့ရသည့် နေအိမ်များ၊ စပါးများ ကိုလည်း ပြန်လိုချင်ကြောင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့ကိုလည်း မေတ္တာရပ်ခံလိုက်သည်။

“ ဘာမှမတောင်းဆိုချင်ဘူး။ အရင်တုန်းကအိမ်လိုပဲနေချင်တယ်။ သမီးတို့က “ ဟု ခထီးလှရွာသူ မသင်းသင်းအေး မဇ္စျိမသို့ ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်အသံများကြောင့် နေအိမ်များတွင် မနေထိုင်ရဲ၍ ရွာရှိ စာသင်ကျောင်းတွင် တိုက်ပွဲပြီးသည့်အထိ ပုန်းခိုခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ခထီးလှ ရဲကင်း စခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ခံခဲ့ရသည့် ရဲကင်းစခန်း ၄ ခုလုံးမှ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ ကြောင်း အစိုးရဘက်က ထုတ်ပြန်ကြေညာထားသည်။

ဇန်နဝါရီ ၄ ရက်နေ့ တိုက်ပွဲများကြောင့် အနီးအနားရွာများမှ အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေအားဖြင့် ၂၀၀ ကျော်ခန့် စစ်ဘေးရှောင်ခဲ့ရကြောင်းလည်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့ရသည့် တိုက်ပဲဲွများကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း အစိုးရဘက်မှ ထုတ်ပြန်ချက်များ အရသိရသည်။

Mizzima Weekly