ပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့ စီစဉ်ထားပြီးသားဟု ဒုဝန်ကြီး ဦးဇင်ယော် မဲဆွယ်

ပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့ စီစဉ်ထားပြီးသားဟု ဒုဝန်ကြီး ဦးဇင်ယော် မဲဆွယ်

နေပြည်တော်၊ စက်တင်ဘာ ၂၉ ။ ။ ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရုံသာမက နိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တွက်ချက်ထားပြီးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး လယ်ဝေးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပို့ဆောင်ရေးဒုဝန်ကြီး ဦးဇင်ယော်က မဲဆွယ်လိုက်သည်။

“ကျွန်တော့်အနေနဲ့ နိုင်ငံအတွက် ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ ရေကြောင်းပို့ဆောင်ရေးတွေ၊ လေဆိပ်တွေ၊ လေကြောင်းပို့ဆောင်ရေးတွေ၊ ခရီးသည်မက ကုန်စည်ပါပေါ့။ လာမယ့် နှစ်ပေါင်းသုံးဆယ်နီးပါးအထိ တွက်ချက်ပြီးသားရှိပါတယ်” ဟု ဒုဝန်ကြီး ဦးဇင်ယော်က စက်တင်ဘာ ၂၉ မွန်းလွဲပိုင်းက သတင်းထောက်အချို့ကို သူ၏ မူဝါဒနှင့်ပတ်သက်၍ ပြောခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက လယ်ဝေးမြို့နယ်အား နေပြည်တော် ၈မြို့နယ်အနက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြို့နယ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း ဦးဇင်ယော်က ဆိုသည်။

ဦးဇင်ယော်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်တွင် “ပြုပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်မည်” ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

သို့သော် ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်ဟု ကြွေးကြော်နေသည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးဇင်ယော်က “ပို့ဆောင်ရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်ဖို့ တော်တော်လေးလိုအပ်ပါတယ်” ဟု ဝန်ခံသည်။

အဆိုပါ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပို့ဆောင်ရေး Master Plan တစ်ခုကို ရေးဆွဲထားသည်ဟုလည်း ဦးဇင်ယော်က ပြောသည်။

ဒုတိယဝန်ကြီး ဦးဇင်ယော်သည် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) တက်ရောက်ကာ ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူထားသူတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ ဇာတိမှာ လယ်ဝေးမြို့နယ်၊ မြွေရိုးကြီးကျေးရွာဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူ ယဉ်ကျေးမှုဝန်ကြီး(ငြိမ်း) ဦးအေးမောင်မှာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် လယ်ဝေးမြို့နယ်၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

“ကိုယ့်ဇာတိဖြစ်တယ်၊ ကိုယ့်ရဲ့ နယ်မြေဖြစ်တယ်။ ဒီအချက်နှစ်ချက် ပေါင်းစပ်လိုက်လို့ရှိရင် ဒီနယ်ကို တစ်ကယ့် အစစ်အမှန်ဆောင်ရွက်မယ့်ပုဂ္ဂိုလ်အဖြစ် ယုံကြည်မယ်၊ လက်ခံမယ်ဆိုရင် ဒါဟာ ကျွန်တော့်ရဲ့ အားသာချက်ပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ မဲဆွယ်စည်းရုံးကာလတွင် ကြုံတွေ့ရသည့် အခက်အခဲတစ်ချို့ကိုလည်း ဦးဇင်ယော်က အောက်ပါအတိုင်း ပြောသည်။

“အခက်အခဲများစွာတော့ မတွေ့ရပါဘူး။ အခက်အခဲဆိုတာ ဒေသဖွံ့ဖြိုးမှုလိုအပ်နေလို့ သွားရလာရတဲ့ ခက်ခဲကြမ်းတမ်းမှုပဲ ရှိပါတယ်” ဟု ဆိုသည်။

၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် လယ်ဝေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးဇော်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးမောင်မောင်သောင်း၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်စုရည်ဖြိုးအောင်တို့အပြင် တသီးပုဂ္ဂလအဖြစ် ဦးမြင့်ဆွေတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly