ရဲကင်း ၄ ခု တိုက်ခိုက်ခံရမှုတွင် ကျဆုံးသွားသော ရဲဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ ပေးအပ်

ရဲကင်း ၄ ခု တိုက်ခိုက်ခံရမှုတွင် ကျဆုံးသွားသော ရဲဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ ပေးအပ်
ဓါတ်ပုံ မကွေးတိုင်းရဲတပ်ဖွဲ့

မကွေး၊ ဇန်နဝါရီ ၆ ။        ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတာဝန်များထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ရသော ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက AA အဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရခြင်းကြောင့် တိုက်ပွဲကျဆုံးသွားသူ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး စိုင်းဘိုဟန် ၏ ကျန်ရစ်သူ မိသားစုများအား မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်တို့မှ မကွေးမြို့၊ အောင်စေတနာ(A)(၃)လမ်းရှိ ကျဆုံးသူ၏ မိသားစုဝင်များ နေထိုင်ရာ နေအိမ်သို့ သွားရောက်တွေ့ဆုံနှစ်သိမ့် အားပေးစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ထောက်ပံ့သော ငွေကျပ်(၁၀)သိန်းအား ဇနီးဖြစ်သူ ဒေါ်သီတာဦးထံသို့ ဇန်နဝါရီလ ၅ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ထို့အပြင် ဘူးသီးတောင် နယ်ခြားစောင့်ရဲကင်းတွင် တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးသွားသော ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရန်ကြီးအောင်ရပ်တွင် နေထိုင်သော ရဲတပ်ကြပ်ကြီး တင်ထွန်းအောင်၏ နေအိမ်သို့ သွားရောက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေ ကျပ် (၁၀)သိန်းအား ကျဆုံးရဲတပ်ကြပ်ကြီး၏ ဇနီးဖြစ်သူ ဒေါ်မော်မော်လွင်ထံ ပေးအပ်ခဲ့သည်။

ထို့နောက် ကျဆုံးသွားသော ရဲတပ်သားမြတ်ကျော်၏ မိသားစုများရှိရာ သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် (၃)လမ်းရှိနေအိမ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်ပြီး ငွေကျပ် (၁၀)သိန်းကို သွားရောက်ထောက်ပံ့ခဲ့သည်။

အလားတူ ကျဆုံးသွားသော ကျိုင်းတုံမြို့နယ် လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ရွာမှ ရဲတပ်သား ဖားဖာ့ အတွက်  ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး၊ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် ဇင်မင်းလတ် တို့သည် လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ရွာရှိ ရဲတပ်သား ဖားဖာ့၏ မိဘများ ဖြစ်သော ဦးအားချေ၊၊ မိခင် ဒေါ်နာတီး တို့ထံ သွားရောက်ကာ အားပေးစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ (၅)သိန်းနှင့် ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ (၂)သိန်း စုစုပေါင်း (၁၇)သိန်း ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင်နယ်မြေ(၁၀)၊ အမှတ်(၃) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ ခွဲကွပ်ကဲမှုအောက်ရှိ ရဲ ကင်းစခန်း (၄) ခုဖြစ် သည့် ဘူးသီးတောင်မြို့ နယ်ရှိ ငမြင်းဘော်ရဲ ကင်းစခန်းအားAAအင် အား (၁၀၀) ဦးခန့်ဖြင့် လည်းကောင်း၊ ကျောင်း တောင်ရဲကင်းစခန်းအား AAအင်အား(၁၀၀) ဦး ခန့်မှ လည်းကောင်း၊ဂုပ္ပိ ရဲကင်းစခန်းအား AA အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊ခထီးလှရဲ ကင်းစခန်းအားAAအင် အား(၁၀၀) ဦးခန့် ဖြင့် လည်းကောင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၉ဦး ဒဏ်ရာရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly