တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား ရထားလမ်းသစ်တစ်ခု ဖောက်လုပ်နိုင်ရေးအတွက် ကနဦး လမ်းအူကြောင်း နေရာအား လေ့လာစမ်းသပ် မြေတိုင်းတာမှုများအား ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
စမ်းသပ်တိုင်းတာမှုများကို မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Group CO.LTD တို့က ပြုလုပ်နေခြင်းဖြစ်ပြီး ရထားလမ်းသစ်မှာ မန္တလေးမှ ကူမင်မြို့ထိ ပေါက်ရောက်မည် ဖြစ်သည်။
စမ်းသပ်တိုင်းတာမှုများကို ဧပြီလထိ ပြုလုပ်မည်ဖြစ်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်မည်ဟု သိရသည်။
နောင်ချို၊ လားရှိုး လမ်းပိုင်းအား ပထမပိုင်းအနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့မှ ဧပြီ ၁၃ ရက်နေ့ထိ စမ်းသပ်တိုင်းတာမည် ဖြစ်ပြီး၊ လားရှိုး ၊ မူဆယ် လမ်းပိုင်းကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ဧပြီ ၂ ရက်နေ့ထိ တိုင်းတာမည်လည်း ဖြစ်သည်။
ယခုလို လုပ်ဆောင်ရန် စီစဉ်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၅ ရက်နေ့က မူဆယ်မြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။
ဖောက်လုပ်မည့် မန္တလေး - မူဆယ် ရထားလမ်းပိုင်းအရှည်မှာ ၄၃၁ ကီလိုမီတာ ရှိပြီး တံတားကြီးငယ်အရေအတွက် ၇၇ စင်း ရှိနိုင်မည်ဟု ခန့်မှန်းရသည်။
ထို့ပြင် ဥမင်လိုဏ်ခေါင်း ခန့်မှန်း ၇၇ ခု ရှိနိုင်ပြီး ခန့်မှန်းအရှည် ၁၁၅ ကီလိုမီတာ ရှိနိုင်မည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
လူစီးနှင့် ကုန်တင် ဘူတာ ၇ ခု နှင့် လူစီးသီးသန့် ဘူတာ ၅ ခုအပြင် လမ်းခွဲဘူတာ ၂၄ ခု ပါဝင်မည့် ထိုရထားလမ်းကြောင်းတွင် ပြေးဆွဲမည့် ရထားမှာ လျှပ်စစ်အမြန်ရထားဖြစ်သည်သိရပြီး အမြန်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲမည်ဟု သိရသည်။
ထို ရထားလမ်းအတွက် စမ်းသပ်တိုင်းတာမှုများပြီးစီးသည့်အခါ ဖောက်လုပ်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင် တင်ဒါခေါ်ယူသွားမည်ဟု ဆိုသည်။