ရဲကင်းစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှု အပေါ် တရုတ်သံရုံး ပြင်းထန်စွာ ရှုတ်ချ

ရဲကင်းစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှု အပေါ် တရုတ်သံရုံး ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ ဇန်နဝါရီ ၅ ။             ။ ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းဒေသများရှိ ရဲကင်းစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွက် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် အဆိုပါကြေညာချက်ကို ဇန်နဝါရီလ ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ရဲကင်းစခန်းများကို အကြမ်းဖက်မှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားပြီး လူများစွာသေဆုံးခဲ့ကြောင်း  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် ယင်းဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း သေဆုံးသူများအတွက်လည်း ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး ထိန်းသိမ်း ကာကွယ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုထောက်ခံကြောင်း ဖော်ပြရေးသားထားပြီး ပုံသဏ္ဌန်အမျိုးစုံသော အကြမ်း ဖက် တိုက်ခိုက်မူကို ပြတ်သားစွာဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ နယ်မြေ(၁၀)၊ အမှတ်(၃) နယ်ခြား စောင့် ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား AAသောင်းကျန်းသူ ခေါင်းဆောင်စိစစ်ဆဲ ပါအင်အား (၁၀၀)ဦးခန့်မှလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား AA သောင်းကျန်းသူ ခေါင်းဆောင် စိစစ်ဆဲပါအင်အား(၁၀၀)ဦးခန့်မှ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအားAAသောင်းကျန်းသူ ခေါင်းဆောင် စိစစ် ဆဲပါအင်အား(၅၀)ဦးခန့်မှလည်းကောင်း၊ ခထီးလှရဲကင်းစခန်းအား AA သောင်းကျန်းသူ ခေါင်းဆောင် စိစစ် ဆဲပါအင်အား(၁၀၀)ဦး ခန့်မှ လည်းကောင်း အသီးသီးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော် ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၉)ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၂)ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကျောင်းတောင်ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ဂုပ္ပိရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့ကာ ခထီးလှရဲကင်းစခန်းတွင် ရဲတပ် ဖွဲ့ဝင် (၂)ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ပိုင်လက်နက်ခဲယမ်းများ ယူဆောင်ခံရပြီး ရဲတပ်ဖွဲ့ပိုင် ရဲကင်းစခန်း အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သော AA အဖွဲ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly