ရပ်နားထားသည့် မိုးထိ၊ မိုးမိလုပ်ကွက်အတွင်း တရားမဝင် ခိုးတူးမှုများရှိနေဟု ဆို

ရပ်နားထားသည့် မိုးထိ၊ မိုးမိလုပ်ကွက်အတွင်း တရားမဝင် ခိုးတူးမှုများရှိနေဟု ဆို
မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ကွက်အား ၂၀၁၂ ခုနှစ်က တွေ့မြင်ရစဉ်။

နေပြည်တော်၊ ဇန်နဝါရီ ၅ရက် ။               ။ မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရပ်နားထားသည့် ရွှေလုပ်ကွက်ကြီး(A)အ တွင်းရှိ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်လုပ်ကွက်များအတွင်းသို့ တရားမဝင် ခိုးတူးမှုများရှိနေကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြောဆိုလိုက်သည်။

လုပ်ကွက်ကြီး (A)အတွင်းရှိ စိန်တောင်လုပ်ကွက်၊ ရွှေစင်လုပ်ကွက်၊ ထုံးကြီးလုပ်ကွက်နှင့် နွယ်တန်းလုပ်ကွက် တို့အတွင်းတွင် သတ္တုအဖွဲ့နှင့်ရဲအဖွဲ့တို့ ပေးကြေးဖြင့် လူ အင်အား ၈၀၀ ခန့်က အဖွဲ့ ၈ ဖွဲ့ဖြင့် ဆောင်ရွက်နေ ကြောင်း ၎င်းဘက်က ပြောသည်။

“သူတို့က ငွေကြေးက ပေးကြေးပေါ့ ။ ပေးကြေးဆိုတာ အဲ့အပေါ်မှာ အဓိက သူတို့ရှိတာကတော့ ဒါ သတ္တုအဖွဲ့ ရှိတယ်။ ရဲအဖွဲ့ ရှိတာပေါ့နော်။ ဒါ ၂ ခုလုံးပါပဲ ” ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီ အုပ်စုရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုအဖွဲ့များသည် ပေးကြေးရယူကာ ဆောင်ရွက်နေကြောင်းကိုလည်း လူသက်သေအထောက်အထား၊ မှတ်တမ်းများ ရှိနေကြောင်း၊ နိုင်ငံတော်အဆင့်ဆင့် လူကြီးများကို တင်ပြသွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးကိုလည်း တင်သွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်စိုးက ဆက်ပြောသည်။

ယင်းကဲ့သို့ ပြောဆိုခြင်းအပေါ် ခိုင်လုံသည့် အထောက်အထားများဖြင့် ပြနိုင်ပါက လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က တုံ့ပြန်ပြောဆိုသည်။

“ အခုဟာက လုပ်ကွက်Bကီး ကျွန်တော်တို့ ထိန်းသိမ်းတဲ့အခါမှာ ကျွန်တော်တို့က လူအင်အားက ၂၀ တောင် မပြည့်ချင်ဘူး။ အဲ့တော့ သူတို့ လုပ်ကွက်မှာ အထဲထဲမှာ ဒီ Adit တွေ သူတို့ဖောက်ထားတဲ့ဟာတွေက အများကြီးလေ။ ဧရိယာလည်း ၆၀၀၀ ကျော် ရှိတဲ့အခါကြတော့ ကျွန်တော်တို့ တကယ်တမ်းပြောရရင် မထိန်းနိုင်ပါဘူး။ အဲ့တော့ ကျွန်တေ်ာတို့ မသိဘဲနဲ့၊ ကိုယ့်ဝန်ထမ်းတွေ မသိဘဲနဲ့ လုပ်တဲ့ဟာလည်း ရှိကောင်း ရှိနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ရဲကလည်း ပြောရရင် အင်အား ၆၀ လောက် ဆိုပေမယ့် နှံ့အောင် ၊ ဘယ်လိုနေရာအနှံ့ကို ဘယ်သူမှ အတိအကျ လိုက်ပြီး မကြည့်နိုင်ဘူးလေ။ အဲကြတော့ ဝန်ထမ်းဆိုရင် ဝန်ထမ်း၊ သူ့ရဲ့ ညှိစွန်းတယ်ဆို ညှိစွန်းသလိုတော့ သွားရမှာပေါ့။ ဒါကတော့ကျွန်တေ်ာတို့ ဘာမှ ထူးပြီး ပြောစရာ မရှိဘူး”ဟု အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

ထိုသို့မဟုတ်ပဲ ဝန်ထမ်းများကို ထိခိုက်အောင် လုပ်သည်ဆိုလျှင် လိုအပ်သည့် ဥပဒေများနှင့် အညီ ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

 ၂၀၁၁ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည့် အဆိုပါ မိုးထိမိုးမိရွှေတူးဖော်ရေးလုပ်ကွက်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့မှ စတင်ပြီး လုပ်ငန်းများ ဆိုင်းငံ့ထားရန် အစိုးရမှ ညွှန်ကြားထားပြီးနောက် တူးဖော် ထုတ်လုပ်မှုကို ပိတ်သိမ်းထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရားမဝင်ခိုးတူးမှုများ၊ ဖောက်ထွင်းမှုများ များပြားလာသည့်အတွက် ပုဒ်မ ၁၄၄ ကို အဆိုပါ နေရာတွင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required