MPT မှ ဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံ နှင့် ဂရုဏာကြေးထောက်ပံ့မှုများကို စီစဉ်ပေးနေ

By တင်ရွှေ(မင်းဘူး)
05 January 2019
MPT မှ ဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံ နှင့် ဂရုဏာကြေးထောက်ပံ့မှုများကို စီစဉ်ပေးနေ

မကွေး၊ ဇန်နဝါရီ ၅ ။           ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအတွက် အသက်ရှင် တာဝန် ထမ်းဆောင်ချိန်တွင် ကျန်းမာရေးအာမခံ ခံစားခွင့် နှင့် သေဆုံးချိန်တွင် ကျန်ရစ်သူမိသားစုအား ဂရုဏာကြေး ထောက်ပံ့ မှုများကိုစီစဉ်ပေးနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မကွေးတိုင်းဒေသကြီး မန်နေဂျာ ဦးသန်းဌေးအောင် ထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံကို LAMP Insurance ကုမ္ပဏီနှင့်ချိတ်ဆက်ပြီး MPT ၏ ငွေကြေးစိုက်ထုတ်မှုဖြင့် စီစဉ်ပေးထားကြောင်း ၊ ဝန်ထမ်းတစ်ဦးသည် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း သာမန်အသေးစားဖျားနာ ဆေးကုသမှုများအတွက် ဒေါ်လာ ၅၀ အထိ ၊ ခွဲစိတ်မှုများ နှင့် ရောဂါကြီးများဖြစ်ပေါ်လျှင် ဒေါ်လာ ၅၀၀၀ အထိ ခံစားခွင့်ရှိကြောင်း တိုင်းဒေသကြီးမန်နေဂျာထံမှ သိရသည်။

“ဝန်ထမ်းတွေတာဝန်ထမ်းဆောင်ချိန်မှာ ၉၆ပါးသောရောဂါနဲ့ လုပ်ငန်းခွင်မတော်တဆမှုတွေကြောင့် ကွယ်လွန် သွားခဲ့ရင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂရုဏါကြေးထောက်ပံ့တဲ့အစီအစဉ်ကို ဆောင်ရွက် ပေးနေ ပါတယ်။ လက်ထောက်ကြီးကြပ်ရေးမှူးနဲ့ အထက်ကို ၁ဝသိန်း နဲ့ သူ့အောက် နေ့စားဝန်ထမ်းတွေထိအောင် ၅သိန်းကျပ် ထောက်ပံ့ပေးနေတာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ရက်နေ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်ပံ့ပေးနေတာပါ ” ဟု တိုင်းဒေသ ကြီး မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

၂၀၁၉ ဇန်နဝါရီလ ၂ရက်နေ့တွင် ထီးလင်းမြို့နယ် ၊ ကျောဒေသ Transmission မှ ဦးခင်မောင်ဝင်း(Junior Staff Level-2)ကွယ်လွန်သွားခြင်းအတွက် ကျန်ရစ်သူမိသားစုဝင်အား ဂရုဏာကြေး ကျပ်၅သိန်း ထောက်ပံ့ ပေးခဲ့ကြောင်း ၊ မကွေးတိုင်းဒေသကြီးအတွင်း၌ ဝန်ထမ်းသေဆုံးမှု ဂရုဏာကြေးထောက်ပံ့မှုကို၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ စတင်၍ ခံစားခွင့်ပြုခဲ့ရပြီး လက်ထောက်ကြီးကြပ်ရေးမှူးနှင့်အထက် ဝန်ထမ်း(၃)ဦးအား ကျပ်ဆယ်သိန်းစီ နှင့် ၊ လက်ထောက်ကြီးကြပ်ရေးမှူးရာထူးအောက် ဝန်ထမ်း(၁၀)ဦးအား ကျပ်၅သိန်းစီ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း တိုင်းမန်နေဂျာထံ မှ သိရသည်။

အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁ရက်မှ စ၍ ဂျပန်နိုင်ငံ ဆူမီတိုမို နှင့် ADDI ကုမ္ပဏီ(၂)ခု နှင့် ဆယ်နှစ်တိတိပူးပေါင်း၍ Joint Organization အဖြစ်စတင် ဆောင်ရွက်ခဲ့ ကြောင်း ၊ ကုမ္ပဏီများမှ ချေးငွေ နှင့် နည်းပညာအထောက်အပံ့ပေးထားပြီး ပြည်ထောင်စု အစိုးရနှင့် သဘောတူစာချုပ်များ ချုပ်ဆိုကာ အခြားကုမ္ပဏီများနှင့်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအား အာမခံချက်ပေးပြီး စောင့်ရှောက်ပေးနေ ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ သိရသည်။

တင်ရွှေ(မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly