AA မှ ဖမ်းခေါ်သွားသူများအား သက်ဆိုင်ရာနေရာသို့ တပ်မှ ပြန်လည်ပို့ဆောင်

AA မှ ဖမ်းခေါ်သွားသူများအား သက်ဆိုင်ရာနေရာသို့ တပ်မှ ပြန်လည်ပို့ဆောင်

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။               ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း(၄)ခုကို ရက္ခိုင့်အဖွဲ့(AA) မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းခေါ်သွားသူများနှင့် အဆက်အသွယ်ပြန်ရပြီးဖြစ်ကာ သက်ဆိုင်ရာနေရာများကို ပြန်လည်ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

 “သူတို့နဲ့ မနေ့ကပဲ ပြန်ပြီးအဆက်အသွယ်ရတယ်။ သူတို့နဲ့ သက်ဆိုင်ရာနေရာတွေလည်း ပြန်ရောက် သွားပါပြီ” ဟု ၄င်းကဆိုသည်။

 AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ၁၈ ဦးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဝင် ၁ ဦး ၊ အမျိုးသမီး ၄ ဦး ပါဝင်ပြီး ကျန်သူများသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။

 ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်ရဲစခန်း ၊ ငမြင်းဘော် ရဲကင်းစခန်း ၊ ဂုပ္ပီ ရဲကင်းစခန်း ၊ ခထိလှ ရဲကင်းစခန်း တို့ကို ရက္ခိုင့်အဖွဲ့(AA) မှ လူအင်အား ၁၀၀ ကျော်ဖြင့် ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် တစ်ချိန် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုတချို့ကို လည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

 ယင်းတိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရ ရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရဘက်က ထုတ်ပြန်ကြေညာ ထား သည်။

 တိုက်ပွဲဖြစ်ပွားသည့် ရဲကင်းစခန်း ၄ ခုမှာ မြန်မာ- ဘင်္ဂလားနယ်စပ်နှင့် အတွင်းပိုင်းကျဒေသများတွင် တည်ရှိကာ ယင်းရဲကင်းစခန်းများ၌ တပ်မတော်စစ်ကြောင်းများက ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေး သည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA ဘက်က ပြောဆိုထားသည်။

 အဆိုပါပြောဆိုချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျွန်တော်တို့ တပ်မတော်က ဒီစခန်းတွေကို ကာဘာလုပ်ပြီး AA ကိုတိုက်တယ်ပေါ့၊ ဒါကြောင့် ဒီစခန်းတွေကို မလွှဲမရှောင်သာလို့ တိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုချက်က အဆင့်မရှိတဲ့ အသုံးအနှုန်းတွေ သုံးတာဗျ” ဆိုသည်။

 ရက္ခိုင့်(AA) မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်။

 တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး “ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly