Globe Soccer Awards ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို (၅) ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ စီရော်နယ်လ်ဒို 

Globe Soccer Awards ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို (၅) ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ စီရော်နယ်လ်ဒို 
Photo: EPA & Globe Soccer Awards

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင် တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ Globe Soccer Awards ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူခဲ့ပြီး အဆိုပါဆုကို  ကြာသပတေးနေ့က ဒူဘိုင်းမှာ ပြုလုပ်တဲ့ ချီးမြှင်ပွဲအခမ်းအနားမှာ ကိုယ်တိုက် တက်ရောက်လက်ခံရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်းအနေနဲ့ ဒီဆုကို ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို  ဆွတ်ခူးခဲ့တဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ 

Globe Soccer Awards ဆုကို ၂၀၁၀ ခုနှစ်က စတင်ပေးအပ်တာဖြစ်ပေမယ့် ၂၀၁၁ ခုနှစ်မှသာ အကောင်းဆုံးကစားသမားဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ ဒီဆုကို ၅ ကြိမ်အထိ အမြင့်မားဆုံးရရှိခဲ့သလို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအပြင် တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူဟာ ရီးယဲလ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာ ဂျူဗင်အသင်းဘက်ကို သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက်ဂိုးနဲ့  ဒီဆုကို ရရှိခဲ့တာပါ။

ဒီဆုကိုပေးအပ်တဲ့ အဖွဲ့အစည်းကတော့ ဥရောပဘောလုံးသမားများ အေးဂျင့်အဖွဲ့အစည်းနဲ့ ဥရောပကလပ်အသင်းများ အဖွဲ့အစည်းက ကြီးမှူးပေးအပ်တာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးအသင်းဆုကိုတော့ ရေပန်းစားနေတဲ့ ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး အက်သလက်တီကိုအသင်းက အံ့အားသင့်ဖွယ်ရယူသွားပါတယ်။ အက်သလက်တီကိုအသင်းဟာ ယူရိုပါလိဂ်ဖလားကို ၂၀၁၇-၁၈ မှာ ဆွတ်ခူးခဲ့ပြီး ၂၀၁၈ စူပါဖလားမှာ ရီးယဲလ်အသင်းကို ၄-၂ ဂိုးနဲ့ပြီး ဖလားဆွတ်ခူးခဲ့ပါတယ်။

ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဒက်ချမ့်က အကောင်းဆုံးနည်းပြဆုကို ရခဲ့ပါတယ်။

ဒီဆုကို ဒက်ချမ့်က အက်သလက်နည်းပြ ဆီမြွန်နီ၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၊ လီဗာပူးလ်နည်းပြ ကလော့ပ်နဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

ဘရာဇီးဂန္တဝင်တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုက တစ်သက်တာ ကစားသမားဆုကို ရရှိခဲ့ပါတယ်။

တခြားဆုတွေကတော့ တစ်နှစ်တာအကောင်းဆုံးဒါရိုက်တာဆုကို ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီ၊ အကောင်းဆုံးအေးဂျင့်ဆုကို ဂျာ့စ်မန်ဒက်စ်၊ တစ်နှစ်တာ တိုးတက်မှုအရှိဆုံး ကစားသမားဆုကို ဂျူဗင်တပ်စ်ကွင်းလယ်လူ မာတူဒီတို့ ဖြစ်ပါတယ်။

Globe Soccer Awards ရဲ့ နှစ်အလိုက် တစ်နှစ်သာ အကောင်းဆုံးကစားသမားများ

၂၀၁၀ - ပေးအပ်ခြင်း မရှိခဲ့။
၂၀၁၁ - စီရော်နယ်လ်ဒို (ရီးယဲလ်)
၂၀၁၂ - ဖယ်လ်ကာအို (အက်သလက်)
၂၀၁၃ - ရီဘာရီ (ဘိုင်ယန်)
၂၀၁၄ - စီရော်နယ်လ်ဒို (ရီးယဲလ်)
၂၀၁၅ - မက်ဆီ (ဘာစီလိုနာ)
၂၀၁၆ - စီရော်နယ်လ်ဒို (ရီးယဲလ်)
၂၀၁၇ - စီရော်နယ်လ်ဒို (ရီးယဲလ်)
၂၀၁၈ - စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly