ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်နိုင်ငံလုံး တစ်ယောက်မကျန် ကြည့်စေချင်တယ်လို့ ပြောတဲ့ ဒါရိုက်တာလူမင်း

ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်နိုင်ငံလုံး တစ်ယောက်မကျန် ကြည့်စေချင်တယ်လို့ ပြောတဲ့ ဒါရိုက်တာလူမင်း

ရန်ကုန်၊ ဇန်နဝါရီလ ၄ ရက် ။           ။ ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိရုပ်ရှင်ကို ဒါရိုက်တာအဖြစ်ရိုက်ကူးမဲ့ သရုပ်ဆောင် လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်ကို မြန်မာတစ်နိုင်ငံလုံး တစ်ယောက်မကျန် ကြည့်ရှုစေချင်လို့ အားလုံးကြည့်ရှုနိုင်မယ့် နည်းစနစ်တစ်ခုကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်က ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ချင်းချောင်းနန်းတော်မှာ ပြုလုပ်ခဲ့တဲ့ “ အောင်ဆန်းရုပ်ရှင်” တရားဝင် Social Media စာမျက်နှာများမိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောခဲ့တာပါ။

''အခုလောလောဆယ်တော့ Pre Production ပေါ့နော်။ ဒီ ရိုက်ကူးထုတ်လုပ်ဖို့နဲ့ ကြိုတင်ပြင်ဆင်တဲ့ ကာလ ဆိုတော့ ရိုက်ကူးထုတ်လုပ်ပြီးတော့ ဖြန့်ချိတဲ့အပိုင်းကိုတော့ မစဉ်းစားရသေးပါဘူး။ ဒါပေမယ့် အဓိကက ဒီကားရိုက်ခြင်းရဲ့ ရည်ရွယ်ချက်က ဒီနိုင်ငံမှာရှိတဲ့ လှည်းနေလှည်းအောင်း၊ မြင်းဇောင်းမကျန် ပြည်သူပြည်သား အားလုံးကို ကြည့်စေ၊ သိစေချင်တဲ့ကားဖြစ်တဲ့အတွက် ပုံမှန်ပြနေကျရုပ်ရှင်တွေ ပြသမှုစနစ်က အဲ့လို မဖြစ်ဘူးဆိုရင် အဲ့လိုဖြစ်တဲ့နည်းတစ်ခုခုကို ကိုယ်တို့ ရှာသွားမှာပါ" လို့ လူမင်းက ပြောပါတယ်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ပါဝင်မည့် ဇာတ်ညွှန်း ၁၁၆ ခန်းအထိ ရေးသားပြီးစီးနေပြီဖြစ်ပြီး ဖြစ်ရပ်မှန်သမိုင်းအထောက်အထားတွေ အခြေခံကာ ဇာတ်ညွှန်းတွေရေးသားထားသောကြောင့် မှန်ကန်မှု ရှိစေရန် သမိုင်းသုတေသနပညာရှင်တွေဆီပို့၍ အတည်ပြုချက်တောင်းထားတယ်လို့ သိရပါတယ်။

သမိုင်းမှတ်တမ်းမဟုတ်လို့ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအားလုံး ပါဝင်မှာ မဟုတ်ကြောင်း  လူမင်းက ပြောပါတယ်။

“ ဗိုလ်ချုပ်နဲ့ ပတ်သတ်တဲ့ ဒီရုပ်ရှင်အမျိုးအစားကတော့ အထ္တုပ္ပတ္တိရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေ အားလုံးကတော့ ဒီရုပ်ရှင်ထဲမှာ ပါမှာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းကားတော့ မဟုတ်ပါဘူး။ အထ္တုပ္ပတ္တိရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ အထ္တုပ္ပတ္တိရုပ်ရှင်လို့ဆိုတာနဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းသဘော၊ ဇာတ်လမ်းအနိမ့်အမြင့်၊ အတက်အကျ အစရှိသဖြင့် နောက်ရုပ်ရှင်ကားတစ်ကားရဲ့ ခွင့်ပြုတဲ့အချိန်ကာလ ကြာမြင့်ချိန်အစရှိသဖြင့် သတ်မှတ်ချက်တွေ အတွင်းမှာပဲ ကျွန်တော်တို့က အနုပညာရသမြောက်စွာ တင်ဆက်သွားမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်" လို့ လူမင်းက ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော် လည်း ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်း မရှိတာကြောင့် သာသနာရေးဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့တာပါ။

မူလရည်မှန်းချက်အနေနဲ့ ၂၀၁၉ တွင် ရိုက်ကူးပြီးစီးပြီး ၂၀၂၀ တွင် ပြသနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဇာတ်ကား၏ အရည်အသွေးကို ဦးစားပေးကာ အချိန်ယူရိုက်ကူးသွားမည်ဟု လက်ရှိ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ ဘယ်နေ့ စတင်ရိုက်ကူးသွားမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ဖော်ပြောဆိုသွားခြင်း မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly