လီဗာပူးလ်ကို အနိုင်ရတဲ့ပွဲအပြီး ကစားသမားတွေအတွက် ဂုဏ်ယူနေတဲ့ ဂွာဒီယိုလာ

လီဗာပူးလ်ကို အနိုင်ရတဲ့ပွဲအပြီး ကစားသမားတွေအတွက် ဂုဏ်ယူနေတဲ့ ဂွာဒီယိုလာ
Photo: EPA

သောကြာနေ့ မနက်စောပိုင်းက မန်စီးတီးအသင်းဟာ ဇယားဦးဆောင်သူ လီဗာပူးလ်အသင်းကို ၂-၁ ဂိုးနဲ့ အရေးပါးတဲ့ နိုင်ပွဲတစ်ပွဲနဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ပက်ဂွာဒီယိုလာကတော့ “ကြောက်ရွံ့မှု မရှိ”တဲ့ သူ့ရဲ့ ကြယ်ပွင့်ကစားသမားကို လေးစားကြောင်း အသိအမှတ်ပြုသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ လီဗာပူးလ်နဲ့ပွဲမှာ အမှားပြုလုပ်ခွင့်မရှိဘဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကြိုးကြာနီတွေနဲ့ ရမှတ် ၁၀ မှတ်အထိ ကွာဟသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက စံချိန်တင်ရမှတ်တွေနဲ့ ဆွတ်ခူးခဲ့တဲ့ အမှတ်ပေးဖလားကို ကာကွယ်ဖို့ လက်လွှတ်လိုက်ရဖို့ များနေပါတယ်။

ဒါပေမယ့် လီရွိုင်းဆာနေးရဲ့ ဒုတိယပိုင်း အနိုင်ဂိုးကြောင့် လီဗာပူးလ်အသင်းကို ၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့သလို လီဗာပူးလ်အသင်းကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။

အီတီဟတ်ကွင်းက ပွဲစဉ်မှာ မန်စီးတီးအတွက် အဂူရိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဖာမီနိုက ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ဆာနေးက အနိုင်ဂိုးသွင်းယူခဲ့လို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

“ကျနော် ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။ ဒီနေ့ လီဗာပူးလ်နဲ့ ပွဲဟာ ဖိုင်နယ်လိုပဲဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ ကျနော်တို့ ရှုံးသွားခဲ့မယ်ဆိုရင် ဒါက ပွဲပြီးသလောက်ဖြစ်သွားပါပြီ။”လို့ ဂွာဒီယိုလာက ပြောပါတယ်။

“မယုံနိုင်စရာအောင်ကောင်းလောက်တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ယူမိပါတယ်။ ကျနော်တို့မှာ ဖိအားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ မကြောက်ခဲ့ပါဘူး။ ကျနော်တို့ ကြောက်ရွံ့တဲ့စိတ် မရှိခဲ့ပါဘူး။”

“ကျနော်တို့ ခက်ခဲတဲ့ပြိုင်ဘက်အသင်းကို အနိုင်ယူခဲ့တယ်။ ကျနော်တို့ ပထမပိုင်းမိနစ်တွေမှာ ကောင်းမွန်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ဂိုးတွေ မရခဲ့ဘူး။ ကျနော်တို့ ၂ ဂိုးသွင်းခဲ့တယ်။ ကျနော်တို့ ရဲရဲရင့်ရင့် ကစားခဲ့တယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ ဖိအားပေး ကစားနိုင်မှုက ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ အမှတ်ကွာဟမှုကို လျော့ချနို်င်လို့ ဒီနိုင်ပွဲအတွက် ကျနော်တို့ ပျော်ရွှင်ပါတယ်။ အရာအားလုံး ပွင့်သွားပါပြီ။

“အခုဆိုရင် ကျနော်တို့ သူတို့ရဲ့နောက် ၄ မှတ်အကွာမှာ ရပ်တည်နေပြီး သူတို့ဟာ လိ်ဂ်ပြိုင်ပွဲရဲ့ ဦးဆောင်သူပါ။ ကျနော်တို့ ရင်ဆိုင်တိုက်ခိုက်သွားဖို့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါတွေက ကျနော်တို့ကို ယုံကြည်မှုအများကြီး ပေးပါတယ်။”လို့ သူက ပြောပါတယ်။

“ကျနော်တို့ ဒီပွဲကို နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားအတွက် ကောင်းကောင်းစိန်ခေါ်နိုင်တဲ့ အသင်းတစ်ဖြစ်လာမှာပါ။ ရှုံးခဲ့ရင်တော့ ပွဲပြီးသွားပါပြီ။

“အရမ်းကို ခက်ခဲလွန်းတဲ့ လိဂ်ပြိုင်ပွဲတစ်ခုကို ကျနော် မှတ်တောင် မမှတ်မိတော့ပါဘူး။ အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေကြတဲ့ အသင်းကြီးတွေ အများကြီးပါ။ ရာသီကုန်ဖို့ နီးကပ်လာလေ ပွဲတိုင်းဟာ ဖိုင်နယ်ပွဲပါပဲ။”လို့ သူက ပြောခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly