ဘူးသီးတောင်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရ

ဘူးသီးတောင်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် မိသားစုတစ်စုအား ကျောက်တော်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-AFP

ရန်ကုန်၊ ဇန်နဝါရီ ၄ ။               ။ ယနေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက်အစောပိုင်းက ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်းရှိ ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ် (AA) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းများမှ အတည်ပြုပြောသည်။

“ မနက် ၄ နာရီခွဲ၊ ၅ နာရီလောက်က ရဲကင်းစခန်း ၄ ခုကို ဝင်တိုက်တယ်ခင်ဗျ။ ကျွန်တော်တို့ သိထား သလောက်ကတော့ ၄ ခုလုံးကို တစ်ပြိုင်တည်း တိုက်တယ်လို့ သိရတယ် ” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသည့် ရဲကင်းစခန်း ၄ ခုမှာ မြန်မာ- ဘင်္ဂလားနယ်စပ်နှင့် အတွင်းပိုင်းကျဒေသများတွင် တည်ရှိကြောင်း ၎င်းက ဆိုသည်။

ယခု သတင်းရေးသားနေချိန် ဇန်နဝါရီ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်အချိန်အထိ ရက္ခိုင့်တပ် (AA) နှင့် တပ်မတော်ဘက်မှ တပ်ကူသွားသည့်တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ သိရသည်။

ရက္ခိုင့်တပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယင်းနေရာတစ်ဝိုက်တွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုများလည်းရှိနေသည်ဟုလည်း ဆိုသည်။

“ နောက်ပြီးတော့ နယ်ခြားစောင့်ရဲစခန်းတွေကနေပြီးတော့မှ လက်နက်ကြီး ပစ်ကူတွေ ပစ်ပေးနေတာတွေ ရှိတယ်။ ဒီရက်ပိုင်းမှာ ကျွန်တော်တို့ ရက္ခိုင့်တပ်အပေါ်မှာ အင်အားအလွန်အကျွံ သုံးပြီး တိုက်ခိုက်နေတာ တွေရှိတယ်။ အဲဒါကြောင့် မလွဲမရှောင်သာ နယ်ခြားစောင့်ရဲစခန်းတွေကို  ဝင်ရောက်တိုက်ခိုက်ရတဲ့ သဘော ရှိတယ်ဗျ” ဟု ဦးခိုင်သုခက ဆိုသည်။

ယနေ့ လွတ်လပ်ရေးနေ့တွင် ဖြစ်ပွားသည့်တိုက်ပွဲတွင်လည်း အရပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စာရင်း အတိအကျ မရရှိသေးဟုလည်း ၎င်းက ဆက်ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားခဲ့သောနေရာတစ်ဝိုက်သည် ၂၀၁၃၊ ၂၀၁၄ ခုနှစ်ခန့်ကတည်းကတပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးပြီး ယခုအချိန်တွင် ထပ်မံဖြစ်ပွားခြင်းဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀ ကျော် နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၉ ဇန်နဝါရီလအတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများ ကြောင့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly