ရန်ကုန်၊ ဇန်နဝါရီ ၄ ။ ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သံသယမထားကြရန် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ပြောကြားလိုက်ပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်သမ္မတပေးပို့တဲ့ အဲ့ဒီ့သဝဏ်လွှာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပွဲကျင်းပတဲ့ မဟာဗန္ဓုလပန်းခြံမှာ ဖတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနှင့် ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် အဓိကလိုအပ်ချက်မှာ ယုံကြည်မှုပင်ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများအကြား သံသယစိတ်ကင်းစင်ကာ ခိုင်မာသည့်ယုံကြည်မှုဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမှာဖြစ်ပါတယ် “ လို့ သမ္မတရဲ့ သဝဏ်လွှာကို ဦးဖြိုးမင်းသိန်းကဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတက “ တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ် “ လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လွတ်လပ်ရေးနေ့အလံတင်၊ အလေးပြု အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄နာရီ ၂၀ မှာ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး စတာတွေကို အစိုးရက ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။
“ သမ္မတကြီးရဲ့သဝဏ်လွှာထဲမှာလည်းပါ ပါတယ်။ နောက်တစ်ခုက လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သဘောထားလည်းဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မတွေအားလုံး လိုလားတဲ့ သဘောထားလည်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း စုစည်းညီညွှတ်တဲ့၊ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှသာလျှင် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကို ရေရှည်ထိန်းထားပေးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” လို့ မွန်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နိုင်စိုးအောင်က ပြောပါတယ်။
၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို သမ္မတအိမ်တော်ရှိတဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်း ကျင်းပခဲ့ကြပါတယ်။
ဒါ့အပြင်မှာ ရန်ကုန်မှာရှိတဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရုံးချုပ်မှာလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပဖို့ရှိတယ်လို့သိရပါတယ်။