ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပမည်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပမည်

ဇန်နဝါရီ ၃ ။            ။ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားအပန်းဖြေခရီးစဉ်များ၊ ပြည်ပ ပညာတော်သင် ခရီးများနှင့် ပြည်ပဆေးကုသမှုခံယူလိုသူများအတွက် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲကို ၅ကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံပြင်ပ ခရီးစဉ်များကို အဓိကပြသသွားမည်ဖြစ်သောကြောင့် နိုင်ငံ၏ပုံရိပ်များကို အခြားနိုင်ငံများတွင် ဖော်ထုတ်ခွင့်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်း ရှာဖွေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့် ကပြောသည်။

"အခုကျင်းပမယ့်ပွဲက အဓိကတော့ Outbound ပါပဲ။ Outbound ဆိုတော့ ကိုယ့်နိုင်ငံရဲ့ပြင်ပဘယ်လို တိုး တက်နေလဲ။ အောင်မြင်နေလဲဆိုတာ မျက်စိပွင့် နားပွင့်နဲ့ သိရှိနိုင်မယ့်အခွင့်အလမ်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ ခရီးသွားလုပ်ငန်းပေါ်အခြေခံပြီး ပြင်ပမှာ ကျွန်တော်တို့နိုင်ငံနဲ့ပတ် သက်တဲ့ Brand တွေကို ကြော်ညာလို့ရပါတယ်" ဟု ဦးအုန်းမြင့် ကပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲကို ဇန်နဝါရီ ၁၂နှင့် ၁၃ရက်နေ့များတွင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါခရီးသွားပြပွဲတွင် Outbound လိုင်စင်ရ ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားနှင့် ဆက်စပ်သည့် လုပ်ငန်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီပွဲမှာ လေယာဉ်လက်မှတ်တွေရော၊ ပြည်တွင်းခရီးသွားတွေရော၊ နိုင်ငံခြား Outbound Tour တွေရော၊ ဆေးကုဖို့တွေ၊ နိုင်ငံခြားမှာ ကျောင်းတက်ဖို့အတွက် စီစဉ်ပေးတဲ့ကုမ္ပဏီတွေ၊ ဘဏ်နဲ့ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်မယ့် အာမခံကုမ္ပဏီတွေလည်းပါဝင်မှာဖြစ်ပါတယ်" ဟု ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်း ကပြော သည်။

ယခုပြပွဲသည် ၅ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၄ကြိမ် ကျင်းပခဲ့သည်။ ခရီးသွားပြပွဲတွင် ချင်းပြည်နယ်ခရီးသွားဖွ့ံဖြိုးတိုးတက်စေရန်အတွက်လည်း ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်များနှင့် သဘာဝအလှတွေကိုလည်း အထူးအစီအစဉ်အနေဖြင့် ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly