ဧရာဝတီတိုင်းဒေသကြီးတွင် JICA SME Two Step Loan ချေးငွေအား လုပ်ငန်းရှင် ၈ဦးသာ ထုတ်ချေးခွင့်ရရှိ

ဧရာဝတီတိုင်းဒေသကြီးတွင် JICA SME Two Step Loan ချေးငွေအား လုပ်ငန်းရှင် ၈ဦးသာ ထုတ်ချေးခွင့်ရရှိ

ပုသိမ်၊ ဇန်နဝါရီ ၃ ။             ။ ဧရာဝတီတိုင်းဒေသကြီးတွင် JICA SME Two Step Loan ချေးငွေအား လုပ်ငန်းရှင် ၈ဦးသာ ထုတ်ချေးခွင့် ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“ဗဟိုဘဏ်ကမူတွေချတာ ပြုပြင်ပေးရမယ်။တကယ်ကိုလွယ်လည်းလွယ်ကူမယ်။ ဆုံးရှုံးမှုမရှိအောင်ဘဏ် တွေကိုလည်း အခက်အခဲကြောင့် ဘဏ်တွေကမပေးနိုင်တာလည်းပါတယ်။ ဒီနှစ်ချက်ကြောင့် အသေးစား အလတ်စား ချေးငွေရရှိမှုမှာ အခက်ခဲတွေဖြစ်နေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က အသေးစား အလတ်စားလုပ်ငန်းများ ချေးငွေနှင့်ပတ်သက်ပြီး ထောက်ပြပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အသေးစားအလတ်စားစက်မှုလုပ်ငန်းပေါင်း ၆ဝဝဝဝကျော်ရှိပြီး၊ မှတ်ပုံတင်ထား သည့် လုပ်ငန်းပေါင်း၃၀၆၅ခုရှိကာ ချေးငွေလျှောက်ထားသူ ၄၉၅ဦးကို တိုင်းအစိုးရက ထောက်ခံပေးခဲ့ကြောင်း ထိုအထဲမှ လုပ်ငန်းရှင် ၈ဦး သာ ချေးငွေရရှိခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို ့တိုင်းအစီအစဉ်နဲ ့ဆောင်ရွက်ပေးလို့မရသော်လည်း နေပြည်တော်မှာ သက်ဆိုင်ရာ အစည်းအဝေးများမှ တင်ပြထားပါတယ်။ ချေးငွေချေးဖို ့သူတို ့ကန် ့သတ်ချက်တွေကများပါတယ်”ဟု SMEချေးငွေနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြောသည်။

ထို့အပြင် ချေးငွေကိစ္စအတွက် သတ်မှတ်ချက်များကို ဖြေလျော့ပေးနိုင်ရန် တောင်းဆိုထားကြောင်း တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆက်လက်ပြောသည်။

JICA နှင့် ပူးပေါင်း၍ ပြည်တွင်းရှိ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) တိုးတက်ရေးအတွက် ရည်ရွယ်ကာ ဘဏ်များမှ ဝန်ဆောင်မှုပေးနေသည့် ချေးငွေအမျိုးအစားတစ်ခု ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။JICA SME နှစ်ဆင့်ချေးငွေ (JICA Two Step Loan) ၏ သက်တမ်းမှာ အများဆုံး ငါးနှစ်အထိ အသုံးပြုနိုင်ပြီး  JICA SME နှစ်ဆင့်ချေးငွေ (JICA Two Step Loan) အသုံးပြုသည့် ဘဏ်၏ ဝန်ဆောင်မှုပေးသည့် ချေးငွေပမာဏနှင့် သတ်မှတ်အတိုးနှုန်းအတိုင်း အသုံးပြုသူမှ ဘဏ်ထံသို့ ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

JICA SME နှစ်ဆင့်ချေးငွေ သုံးစွဲသူသည် နှစ်အလိုက်အရစ်ကျ ပေးသွင်းငွေများအား ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်အတိုးနှုန်းနှင့်အတူ ပထမနှစ်တွင် ချေးယူထားသည့်ငွေပမာဏ၏ ၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ပထမနှစ် အရင်းပေးသွင်းငွေအား နှုတ်ယူပြီး သတ်မှတ်အတိုးနှုန်းနှင့်အတူ ကျန်ချေးငွေပမာဏ ၂၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ဒုတိယနှစ် အရင်းပေးသွင်းငွေအားနှုတ်ပြီး သတ်မှတ်အတိုးနှုန်းနှင့်အတူ ကျန်ချေးငွေပမာဏ ၂၀ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် တတိယနှစ် အရင်းပေးသွင်းငွေအားနှုတ်ပြီး သတ်မှတ်အတိုးနှုန်းနှင့်အတူ ကျန်ချေးငွေပမာဏ ၂၀ ရာခိုင်နှုန်း၊ ပဥ္စမနှစ်တွင် စတုတ္ထနှစ် အရင်းပေးသွင်းငွေအားနှုတ်ပြီး သတ်မှတ် အတိုး နှုန်းနှင့်အတူ ကျန်ချေးငွေပမာဏ ၃၅ ရာခိုင်နှုန်း အသီးသီးအား ဘဏ်သို့ ပေးဆောင်ရမည် ဖြစ်ပါကြောင်း သိရသည်။

ချေးငွေအတွက် ဝန်ဆောင်မှုစရိတ်ကို ဘဏ်သို့ ပေးဆောင်ရန် လိုအပ်မည် မဟုတ်ဘဲ သုံးစွဲသူသည် ချေးငွေ ပမာဏ၏ ၈၀ ရာခိုင်နှုန်းအား Fix Asset တွင် အသုံးပြုရမည်ဖြစ်ကြောင်း သုံးစွဲသည့်ငွေတောင်းခံလွှာ (Invoice) အား တင်ပြပေးရမည် ဖြစ်ကြောင်း သိရသည်။

JICA SME နှစ်ဆင့်ချေးငွေ (JICA Two Step Loan) အသုံးပြုသုံးစွဲသူများသည် ဦးစွာ စာရင်းရှင်အပ်ငွေ စာရင်းဖွင့်ရန်လိုအပ်ပြီး ဘဏ်မှ သတ်မှတ်ထားသော ချေးငွေလျှောက်လွှာပုံစံရယူ၍ လျှောက်ထားရမည်ဖြစ် ကြောင်း ဘဏ်မှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်လွှာနှင့် အထောက်အထားများအား လက်ခံ၍ JICA SME နှစ်ဆင့်ချေးငွေ (JICA Two Step Loan) များအား သုံးစွဲသူထံ ထုတ်ပေးမည်ဖြစ်ကြောင်း ချေးငွေထုတ်ချေးပေးနေသော ဘဏ်များထံမှ သိရသည်။

JICA SME နှစ်ဆင့်ချေးငွေ (JICA Two Step Loan) ဝန်ဆောင်မှုပေးသည့် စီးပွားရေးအမျိုးအစားများမှာ ၂၀၁၅ ခုနှစ် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ - ၂ (က)၊ (ခ)တွင်ပါရှိသည့် SME သတ်မှတ်ချက် နှင့် ညီညွတ်သည့် လုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး (က) ကုန်ထုတ်လုပ်မှုလုပ်ငန်း (ခ) လုပ်သားအခြေပြုလုပ်ငန်း (ဂ) လက်လီရောင်းဝယ်ရေးလုပ်ငန်း (ဃ) လက်ကားရောင်းဝယ်ရေးလုပ်ငန်း (င) ဝန်ဆောင်မှုလုပ်ငန်း (စ) JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သောလုပ်ငန်းများမှအပ အခြား စီးပွားရေးလုပ်ငန်းများ ကိုသာ ချေးငွေ ထုတ်ပေးခြင်း ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly